အမေရိကန်နိုင်ငံသည် အမေရိကန်- ဗြိတိန်ကုန်သွယ်ရေးသဘောတူညီချက်ကို ၈-၅-၂၀၂၅ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုသဘောတူညီချက်သည် အမေရိကန်နိုင်ငံက ၎င်း၏ကုန်သွယ်ဖက်နိုင်ငံများမှ သွင်းကုန်များအပေါ်အခွန်ကောက်ခံမည့်အစီအစဉ်ထုတ်ပြန်ခဲ့သည့် ၂-၄-၂၀၂၅ ရက်နေ့ နောက်ပိုင်း ပထမဆုံးကုန်သွယ်ရေးသဘောတူညီချက် ဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်အရ အမေရိကန်နိုင်ငံက ဗြိတိန်နိုင်ငံမှ သွင်းကုန်များအပေါ် ကောက်ခံသည့် Baseline tariff (၁၀) ရာခိုင်နှုန်းကို ဆက်လက်ထားရှိမည်ဖြစ်သော်လည်း သွင်းကုန်အချို့အပေါ် အခွန်ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှ မော်တော်ယာဉ်သွင်းကုန်များအပေါ် (၂၅) ရာခိုင်နှုန်းအစား (၁၀) ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း (တစ်နှစ်လျှင် ဗြိတိန်နိုင်ငံမှ မော်တော်ယာဉ် စီးရေ (၁၀၀,၀၀၀)ကို သွင်းကုန်ခွန် (၁၀) ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံ၍ ခွင့်ပြုစီးရေပမာဏ ကျော်လွန်သည့် မော်တော်ယာဉ်သွင်းကုန်များကို (၂၅) ရာခိုင်နှုန်းကောက်ခံမည် ဖြစ်ပါသည်)၊ သဘောတူညီချက်အရ ဗြိတိန်နိုင်ငံက အပြန်အလှန်အားဖြင့် အမေရိကန်နိုင်ငံမှ Boeing လေယာဉ် အပါအဝင် အီသနော၊ အမဲသားနှင့် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ ပိုမိုဝယ်ယူမည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အမေရိကန်သမ္မတက “အမေရိကန်-ဗြိတိန်သဘောတူညီချက်အရ အမေရိကန်ပို့ကုန်လုပ်ငန်းများ သည် ဗြိတိန်ဈေးကွက်သို့ ဝင်ရောက်ခွင့် ပိုမိုရရှိလာမည်ဖြစ်ပြီး အမေရိကန် အမဲသားနှင့် အီသနော ပို့ကုန်များအပါအဝင် စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံက အမေရိကန်ကုန်ပစ္စည်းများအပေါ် မျှတမှုမရှိသော ကုန်သွယ်ရေးမဟုတ်သည့် အတားအဆီးများ (Non-tariff barriers) ကို လျှော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်မည်ဖြစ်ပြီး အမေရိကန် နိုင်ငံထုတ်ကုန်ပစ္စည်းများအတွက် အကောက်ခွန်ရှင်းလင်းရာတွင် လွယ်ကူ မြန်ဆန်သည့် လမ်းကြောင်း (Fast-track) ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးလာမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick က နှစ်နိုင်ငံအကြား ဈေးကွက်ဝင်ရောက်ခွင့် ဖွင့်လှစ်နိုင်ခြင်းကြောင့် အမေရိကန် ပို့ကုန် လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ (၅) ဘီလီယံအထိ ပို့ကုန်တင်ပို့နိုင်မည့် အခွင့်အလမ်း များရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပို့ကုန်များတွင် အီသနော၊ အမဲသား၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပင်လယ်စာ (Shellfish)၊ တိရစ္ဆာန်အစားအစာ၊ ဆေးရွက်ကြီး၊ ဓာတုပစ္စည်းနှင့် အထည်အလိပ်ပစ္စည်းများ ပါဝင်ကြောင်းနှင့် သဘောတူညီချက်တွင် နှစ်နိုင်ငံအမျိုးသားလုံခြုံရေး အကျိုးစီးပွားအလို့ငှာ သံမဏိနှင့် အလူမီနီယံကဏ္ဍရှိ အလုပ်သမားသမဂ္ဂတစ်ရပ်ဖွဲ့စည်းခြင်းနှင့် ဆေးဝါးပစ္စည်းများအတွက် လုံခြုံစိတ်ချရသည့် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် တည်ထောင်ခြင်းတို့လည်း ပါဝင်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံသည် အိန္ဒိယနှင့်ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်ဆွေးနွေးပြီးဖြစ် သည်ဟု ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့သကဲ့သို့ ဂျပန်နိုင်ငံနှင့်လည်း ကုန်သွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟု အမေရိကန်အစိုးရဘက်က ပြောကြားခဲ့ပါကြောင်း၊ ဘဏ္ဍာရေးဝန်ကြီး Scott Bessent က အာရှနိုင်ငံများနှင့်လည်း ကုန်သွယ်ရေးညှိနှိုင်းမှုများရှိပြီး အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ကုန်သွယ်ရေးမူဘောင်ကို ၎င်းအနေဖြင့် စိတ်ဝင်စားမှုရှိကြောင်း၊ ဒုတိယသမ္မတ ဂျေဒီဗင့်စ်ကလည်း အမေရိကန်နိုင်ငံသည် နိုင်ငံအများအပြားနှင့် ကုန်သွယ်ရေး ဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့သည် တရုတ်ဒုတိယဝန်ကြီးချုပ် He Lifeng နှင့် ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ်ရန် ဆွစ်ဇာလန်နိုင်ငံသို့ ၈-၅-၂၀၂၅ ရက်တွင် သွားရောက်ခဲ့သည်။
အမေရိကန်သမ္မတသည် ကုန်သွယ်ဖက်နိုင်ငံများအပေါ် အပြန်အလှန်သွင်းကုန်ခွန်နှင့် Baseline tariff (၁၀) ရာခိုင်နှုန်းချမှတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံထုတ် ကုန်ပစ္စည်းများကို ဝယ်ယူရန်နှင့် ကုန်သွယ်ရေးမဟုတ်သည့်အတားအဆီးများကို လျှော့ချရန် ကုန်သွယ်ရေးသဘောတူညီချက်များ မှတစ်ဆင့် အကျိုးအမြတ်များရရှိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်းနှင့် အမေရိကန်-ဗြိတိန် ကုန်သွယ်ရေး သဘောတူညီချက်အရ ကဏ္ဍအလိုက် သွင်းကုန်ခွန်လျှော့ချမှုများ ပြုလုပ်မည် ဖြစ်ရာ အသေးစိတ်ကို နှစ်နိုင်ငံအကြား ဆက်လက်ဆွေးနွေးညှိနှိုင်းသွားရန်ရှိသည်ဟု သိရှိရသည်။
Source: U.S. Department of Commerce
https://www.commerce.gov/news/press-releases/2025/05/department-commerce-together-ustr-announces-historic-trade-deal-united
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။