အမေရိကန်အစိုးရနှင့် အင်ဒိုနီးရှားအစိုးရတို့သည် နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နှစ်နိုင်ငံဈေးကွက်များသို့ ပို့ကုန်လုပ်ငန်းရှင်များ အပြန်အလှန်ဈေးကွက်ဝင်ရောက်ခွင့်ပြုမည့် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက် ဆွေးနွေးညှိနှိုင်းရန် မူဘောင်တစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် သဘောတူညီခဲ့ကြကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက်သည် ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် အမေရိကန်-အင်ဒိုနီးရှား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုမူဘောင် သဘောတူစာချုပ်အပါအဝင် ကာလကြာရှည်သည့် စီးပွားရေးဆက်ဆံရေးအပေါ် အခြေခံပါကြောင်းနှင့် အမေရိကန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက်တွင် အောက်ပါအဓိကအချက်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် -
၁။ အင်ဒိုနီးရှားနိုင်ငံက အမေရိကန်စက်မှုထုတ်ကုန်များ၊ အစားအသောက်နှင့် စိုက်ပျိုး ရေးထုတ်ကုန်များအတွက် သွင်းကုန်ခွန်အတားအဆီးများ (Tariff barriers) ကို (၉၉) ရာခိုင်နှုန်းခန့် ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း၊
၂။ အမေရိကန်နိုင်ငံက ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံအပေါ် ချမှတ်ခဲ့သော သွင်းကုန်ခွန်ကို (၁၉) ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံတွင် မရရှိနိုင်သော သို့မဟုတ် အမေရိကန်နိုင်ငံအတွင်း၌ ထုတ်လုပ်ခြင်း မပြုသော ထုတ်ကုန်များအတွက် အပြန်အလှန် သွင်းကုန်ခွန်နှုန်းထားကို လျှော့ချနိုင်ရန်အလို့ငှာ ကုန်ပစ္စည်းအမျိုးအစားများ သတ်မှတ်ပေးနိုင်ကြောင်း၊
၃။ အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် သဘောတူညီချက်၏ အကျိုးကျေးဇူးများကို ရရှိကြောင်း သေချာစေမည့် လွယ်ကူချောမွေ့သော ပင်ရင်းနိုင်ငံစည်းမျဉ်း (Rules of Origin)များ ကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊
၄။ အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးမဟုတ်သည့်အတားအဆီးများ (Non-tariff barriers) များကို ဖော်ထုတ်ရန် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ အသစ်ကဲ့သို့ ပြုပြင်ထုတ်လုပ်ထားသည့်ပစ္စည်းများ (Remanufactured goods) သို့မဟုတ် ယင်း၏အစိတ်အပိုင်းများအတွက် သွင်းကုန်ကန့်သတ်ချက် သို့မဟုတ် လိုင်စင်လိုအပ်ချက်များကို ပယ်ဖျက်ခြင်း၊ အမေရိကန်ထုတ်ကုန်များအတွက် တင်ပို့ခြင်းမပြုမီ စစ်ဆေးရန်လိုအပ်ချက်ကို ပယ်ဖျက်ခြင်း (Elimination of pre-shipment inspection or verification requirement on imports of U.S. goods)နှင့် ကောင်းမွန်သည့်စီမံမှုလုပ်ထုံးလုပ်နည်း (Good Regulatory Practices) ကျင့်သုံး ရေးနှင့် အကောင်အထည်ဖော်ခြင်းအပါအဝင် အမေရိကန်ပို့ကုန်များအတွက် အတားအဆီးများကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊
၅။ အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် အင်ဒိုနီးရှားဈေးကွက်ရှိ အမေရိကန်စားသောက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များအတွက် အတားအဆီးများကို တားမြစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အမေရိကန်စားသောက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များအတွက် Commodity Balance Requirement အပါအဝင် သွင်းကုန်ဆိုင်ရာ လိုင်စင်နှင့်ပတ်သက်သည့်လုပ်ထုံးလုပ်နည်းများကို ကင်းလွတ်ခွင့်ပြုရန်၊ ပထဝီဝင်အညွှန်းများနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့် မျှတမှုရှိစေရန်၊ သက်ဆိုင်သည့် အမေရိကန်အပင်ထွက်ပစ္စည်း အားလုံးအတွက် Fresh Food of Plant Origin (FFPO) အဖြစ် အမြဲတမ်း သတ်မှတ်ပေးရန်၊ အမေရိကန်၏ အသား၊ ငါးနှင့် နို့ထွက်ပစ္စည်း စက်ရုံများစာရင်းနှင့် အမေရိကန်စည်းမျဉ်းအာဏာပိုင်များကထုတ်ပေးသည့် လက်မှတ်များကို လက်ခံခြင်း အပါအဝင် အမေရိကန်နိုင်ငံ၏ စည်းမျဉ်းများကြီးကြပ်မှုကို အသိအမှတ်ပြုရန်တို့ ပါဝင်ကြောင်း၊
၆။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို သက်ရောက်စေသည့် အတားအဆီးများကို ဖော်ထုတ်ရန် ကတိကဝတ်ပြုကြောင်း၊ အင်ဒိုနီးရှားနိုင်ငံပိုင်နက်မှ အမေရိကန်နိုင်ငံသို့ ကိုယ်ရေးအချက်အလက်များ လွှဲပြောင်းနိုင်မှုနှင့်ပတ်သက်၍ သေချာမှုရှိစေရန် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိ “HTS tariff lines” တွင် “Intangible products” ကို ပယ်ဖျက်ရန်နှင့် သွင်းကုန်ကြေညာလွှာတွင် ယင်းနှင့်ဆက်စပ်သည့်လိုအပ်ချက်များကို ဆိုင်းငံ့သွားရန်၊ WTO ၌ Electronic Transmission အပေါ် အကောက်ခွန်နှင့်ပတ်သက်၍ Permanent Moratorium ကို အခြေအနေ ဖော်ပြချက်များ မပါဝင်ဘဲ ချက်ချင်းထောက်ခံသွားရန်နှင့် Joint Initiative on Services Domestic Regulation ကို အကောင်အထည်ဖော်ရန် ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ရေး ကတိကဝတ်ပြုကြောင်း၊
၇။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် Global Forum on Steel Excess Capacity သို့ ဝင်ရောက် ရန် ကတိကဝတ်ပြုပြီး ကမ္ဘာ့သံမဏိထုတ်လုပ်မှုပမာဏများပြားမှုနှင့် ၎င်း၏ သက်ရောက်မှုတို့ကို ဖော်ထုတ်၍ ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ရန် ကတိကဝတ်ပြုကြောင်း၊
၈။ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတကာအသိအမှတ်ပြု အလုပ်သမားအခွင့်အရေးများကို အကာအကွယ်ပေးရန် ကတိပြုကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် အဓမ္မခိုင်းစေမှု သို့မဟုတ် အဓမ္မခိုင်းစေမှုဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများ တင်သွင်းခြင်းကို တားမြစ်ချက်ကို ချမှတ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ အလုပ်သမားများ လွတ်လပ်စွာ အသင်းအဖွဲ့များဖွဲ့စည်းခွင့်နှင့် စုပေါင်းညှိနှိုင်းမှုဆိုင်ရာ အခွင့်အရေးများကို အပြည့်အဝကာကွယ်ပေးကြောင်းသေချာစေရန် အလုပ်သမား ဥပဒေများကို ပြင်ဆင်ခြင်းနှင့် အလုပ်သမားဥပဒေများအသက်ဝင်မှု ခိုင်မာအားကောင်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
၉။ အင်ဒိုနီးရှားသည် သစ်တောကဏ္ဍအုပ်ချုပ်မှုတိုးတက်ရန်နှင့် တရားမဝင်ထုတ်လုပ်သည့် သစ်တောထွက်ပစ္စည်းများ ကုန်သွယ်မှုကို တိုက်ဖျက်ရန် အစီအမံများ ဆောင်ရွက်ခြင်း၊ WTO Agreement on Fisheries Subsidies ကို အပြည့်အဝ လက်ခံ၍ အကောင်အထည်ဖော်ခြင်း၊ တရားမဝင်၊ အစီရင်ခံမထားသော၊ စည်းကြပ်မှုမရှိသော ငါးဖမ်းခြင်း (Illegal, Unreported and Unregulated Fishing, IUU) နှင့် တောရိုင်း တိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုကိုတိုက်ဖျက်ခြင်း အပါအဝင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဥပဒေများ ထိရောက်စွာ အာဏာအသက်ဝင်မှုရှိစေရန် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
၁၀။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အရေးကြီးတွင်းထွက်သတ္တုများ (Critical minerals) အပါအဝင် စက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ တင်ပို့ခွင့် တားမြစ်ချက်များကို ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း၊
၁၁။ အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် အခြားနိုင်ငံများ၏ မျှတမှုမရှိသော ကုန်သွယ်ရေးအလေ့အကျင့်များကို ပူးပေါင်းဖော်ထုတ်ခြင်းနှင့် ပို့ကုန်ထိန်းချုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု လုံခြုံရေး (Investment Security) နှင့် အခွန်ရှောင်မှုတိုက်ဖျက်ခြင်းတို့မှတစ်ဆင့် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်များ ခံနိုင်စွမ်းရှိမှုနှင့် တီထွင်ဖန်တီးမှုတို့ကိုတိုးမြှင့်ရန် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကတိကဝတ်ပြုကြောင်း၊
၁၂။ လေယာဉ်ဝယ်ယူမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၃.၂) ဘီလီယံ၊ ပဲပုပ်၊ ဂျုံနှင့် ဝါဂွမ်းအပါအဝင် စိုက်ပျိုးရေးထုတ်ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၄.၅) ဘီလီယံ နှင့် LNG ဓာတ်ငွေ့၊ ရေနံစိမ်းနှင့် ဓာတ်ဆီအပါအဝင် စွမ်းအင်သုံးပစ္စည်းများ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅) ဘီလီယံအသီးသီးဝယ်ယူမှုများကို ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အပေးအယူညှိနှိုင်းမှုများအဖြစ် အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့က မှတ်သားထားပါကြောင်း။
လာမည့်ရက်သတ္တပတ်အများအတွင်း အမေရိကန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်ရေး သဘောတူညီချက်ကို အပြီးသတ်ညှိနှိုင်း၍ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်းနှင့် သဘောတူညီချက် အသက်ဝင်မဝင်မီ ပြည်တွင်းလုပ်ထုံလုပ်နည်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အမေရိကန်သမ္မတသည် အင်ဒိုနီးရှားသမ္မတနှင့် ကုန်သွယ်ရေးအပေးအယူညှိနှိုင်းမှုကို ပဏာမသဘောတူညီချက်ရရှိပြီးဖြစ်ကြောင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံထုတ်ပြန်ချက်ကို ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်သမ္မတ Mr. Ferdinand Marcos ၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း သမ္မတထရမ့်နှင့်တွေ့ဆုံခဲ့ရာ အမေရိကန်-ဖိလစ်ပိုင် ကုန်သွယ်ရေးအပေးအယူ ညှိနှိုင်းမှု အပြီးသတ် ကြောင်း ဇူလိုင်လ ၂၂ ရက်တွင် သမ္မတထရမ့်က ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
Source: (ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)