Vietnam

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်းအထိ မျှော်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh Chinh သည် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) အား ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး ၈ ရာခိုင်နှုန်းတိုးရန် ရည်မှန်းထားပြီး ၂၀၂၆ ခုနှစ်တွင် ဂဏန်း၂ လုံး တိုးတက်ရန် သတ်မှတ်ထားကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ် Pham Minh Chinh က ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ GDP ၇ ရာခိုင်နှုန်း တိုးတက်မှုသည် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု၊ နိုင်ငံရေးစနစ်၊ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့်ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးသည် ကဏ္ဍအသီးသီးတွင် သိသိ သာသာတိုးတက်မှုရှိပြီး အမေရိကန်ဒေါ်လာ ၄၇၀ ဘီလီယံအထိ ချဉ်းကပ်လာပြီဖြစ်ကြောင်း၊ ထူးခြားသည်မှာ လုပ်သားကုန်ထုတ်စွမ်းအားသည် မျှော်မှန်းချက်ထက် ၅.၇ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး စိုက်ပျိုးရေးပို့ကုန်သည် အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံအထိ စံချိန်တင် ရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံအထိရှိပြီး FDI ဆွဲဆောင်မှုအတွက် ဖွံ့ဖြိုးဆဲနိုင်ငံ ၁၅ နိုင်ငံထဲတွင် ဗီယက်နမ်နိုင်ငံကို ထည့်သွင်းထားကြောင်း ဖော်ပြထားပါသည်။

သို့သော်လည်း ဝန်ကြီးချုပ် Chinh က အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို အသိအမှတ်ပြုခဲ့ပြီး အထူးသဖြင့် ဥပဒေဘောင်များ၊ အုပ်ချုပ်ရေးဆိုင်ရာ စွမ်းဆောင်ရည်နှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သည်တို့ကို ကိုးကားဖော်ပြခဲ့ပါသည်။ ၂၀၂၅ ခုနှစ်သည် ၂၀၂၁-၂၀၂၅ စီမံချက်တွင် ဖော်ပြထားသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အောင်မြင်ရန် အဆိုပါပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန် မြှင့်တင်ရန်အတွက် အရေးကြီးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါသည်။

 အစိုးရသည် မူဝါဒတိုးတက်မှုများ၊ အခြေခံအဆောက်အအုံများ ခေတ်မီရေးနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းမှုနှင့် စိမ်းလန်းသောနည်းပညာများတွင် တိုးတက်မှုများကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ပါသည်။ လုပ်သားအင်အား၏ အရည်အသွေးကို မြှင့်တင်ရန်နှင့် ဉာဏ်ရည်တုနှင့် ကြီးမားသောဒေတာများ ကဲ့သို့သော ထွန်းသစ်စနည်းပညာများကို အသုံးချကာ ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်နှင့် ကဏ္ဍအသီးသီးတွင် ဆန်းသစ်တီထွင်မှုကို တွန်းအားပေးရန် ဦးတည်သွားမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။

၂၀၄၅ ခုနှစ်တွင် ဝင်ငွေမြင့်မားသောနိုင်ငံဖြစ်လာရန်အတွက် ဗီယက်နမ်၏ ရေရှည် မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကွန်ရက်များသို့ နက်ရှိုင်းစွာ ပေါင်းစည်းရန် ကြိုးပမ်းမှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ယဉ်ကျေးမှု နှင့် ဖျော်ဖြေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်နှုန်းမြင့်ရထားလမ်းနှင့် အဝေးပြေးလမ်းများကဲ့သို့သော အခြေခံအဆောက်အအုံ စီမံကိန်း များသည် စီးပွားရေးတိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း ဖော်ပြထား ပါသည်။

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ မြုန်မာသံရုံး၊ ဟနွိုင်းမြို့)

 

Category: Vietnam