Singapore

ဇီဝဒီဇယ် ၄၀ ရာခိုင်နှုန်း (B40) အစီအစဉ်အတွက် ဆီအုန်းပို့ကုန်အခွန် ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်မည့် အင်ဒိုနီးရှားနိုင်ငံ

Last Updated:

အင်ဒိုနီးရှားအစိုးရသည် ဇီဝဒီဇယ် ၄၀ ရာခိုင်နှုန်း (B40) ထုတ်လုပ်မည့် အစီအစဉ်အတွက် ငွေကြေးထောက်ပံ့မှုတစ်ခုအနေဖြင့် စားအုန်းဆီကြမ်းတင်ပို့ရာတွင် ပို့ကုန်အခွန် တိုးမြှင့် ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်းက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ B40 မှာ လောင်စာဆီ ၆၀ ရာခိုင်နှုန်းနှင့် စားအုန်းဆီကြမ်းမှ ထုတ်လုပ်ရရှိသည့် ဇီဝဒီဇယ် ၄၀ ရာခိုင်နှုန်းရောနှောထားသည့် ဇီဝဒီဇယ် ဖြစ်ပါသည်။

စီးပွားရေးရာညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က “အစိုးရသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အကောင်အထည်ဖော်မည့် B40 အစီအစဉ်အတွက် ရန်ပုံငွေလုံလောက်ရန် စားအုန်းဆီကြမ်းတင်ပို့မှုအပေါ် ကောက်ခံသည့် ပို့ကုန်အခွန်ကို ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့်၍ စိုက်ပျိုးမှုရန်ပုံငွေစီမံခန့်ခွဲရေးဘုတ်အဖွဲ့က တာဝန်ယူကောက်ခံသွားမည်ဖြစ်ကြောင်း၊ B40 အစီအစဉ်အတွက် ရန်ပုံငွေကို စိုက်ပျိုးမှုရန်ပုံငွေစီမံခန့်ခွဲရေးဘုတ်အဖွဲ့ထံမှ ရယူမည် ဖြစ် ကြောင်း၊ ပြန်လည်သန့်စင်ထားသည့် စားအုန်းဆီကဲ့သို့သော ကုန်စည်များအတွက် ပို့ကုန် အခွန် ၄.၅ ရာခိုင်နှုန်းနှင့် စားအုန်းဆီကြမ်းအတွက် ပို့ကုန်အခွန် ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း” ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ဂျာကာတာမြို့တွင် ပြောကြားခဲ့ပါသည်။ ပို့ကုန်အခွန်အသစ်သတ်မှတ်မှုမှာ ဘဏ္ဍာရေးဝန်ကြီးဌာန၏ လုပ်ထုံး လုပ်နည်းထွက်ရှိပြီးနောက်တွင် စတင်အသက်ဝင်မည် ဖြစ်ပါသည်။ စီးပွားရေးရာညှိနှိုင်းရေး ဝန်ကြီးဌာန၏ အစားအသောက်နှင့် လယ်ယာစီးပွားရေးညှိနှိုင်းရေးဌာန ဒုတိယခေါင်းဆောင် Dida Gardera က “၂၀၂၅ ခုနှစ်၊ နှစ်ကုန်အထိ B40 အစီအစဉ်အကောင်အထည်ဖော်မှုအတွက် ရန်ပုံငွေလုံလောက်ကြောင်း” ပြောကြားခဲ့ပါသည်။

ဆီအုန်းလုပ်ငန်းကဏ္ဍရှိ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်အခွန် တိုးမြှင့်မှုသည် စားအုန်း ဆီကြမ်းနှင့် ဆက်စပ်ကုန်စည်များတင်ပို့မှုအပေါ် ဆိုးကျိုးသက်ရောက်မည်ကို စိုးရိမ်နေကြပါ သည်။ အင်ဒိုနီးရှားစားအုန်းဆီအသင်းဥက္ကဋ္ဌ Eddy Martono က “စားအုန်းဆီကြမ်း တင်ပို့မှုအတွက် ပို့ကုန်အခွန် ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခြင်းသည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းစေကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပို့ကုန်ကျဆင်းပြီး ပြန်လည် စိုက်ပျိုးသည့်အစီအစဉ်အတွက် ကုန်ကျစရိတ်မြင့်တက်ခြင်းသည် ပို့ကုန်အခွန်တိုးမြှင့်ရန် လိုအပ်ရသည့် နောက်ခံအကြောင်းအရင်းများဖြစ်ကြောင်း၊ စိုက်ပျိုးမှုရန်ပုံငွေစီမံခန့်ခွဲရေး ဘုတ်အဖွဲ့က ကောက်ခံသည့် ရန်ပုံငွေကျဆင်းခြင်းကြောင့် ဇီဝဒီဇယ်အတွက် ထောက်ပံ့ ရန်ပုံငွေမှာ အကန့်အသတ်ဖြစ်နေကြောင်း၊ အစိုးရအနေဖြင့် လိုအပ်သည့်ရန်ပုံငွေအတွက် စားအုန်းဆီကြမ်းပို့ကုန်အခွန်ကို တိုးမြှင့်ကောက်ခံရန် လိုအပ်လာခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် B40 အစီအစဉ်ကို ၂၀၂၅ ခုနှစ်မှစ၍ အကောင်အထည်ဖော်ရန် ရန်ပုံငွေ လုံလောက်မှုရှိစေရေး၊ တစ်ဖက်တွင် အဆိုပါအစီအစဉ်အတွက် ကုန်ကြမ်းလုံလောက်မှု ရှိစေရေး ပို့ကုန်အခွန်တိုးမြှင့်ကောက်ခံသည့် နည်းလမ်းအသုံးပြုခြင်းဖြစ်ပါကြောင်းနှင့် ၂၀၂၅ ခုနှစ်မှစ၍ အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီကြမ်းတင်ပို့မှု အနည်းငယ်ကျဆင်းနိုင်သည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးထုတ်လုပ်ခြင်း၊ တင်ပို့ခြင်းနှင့် တင်သွင်းခြင်းကဏ္ဍများတွင် ချိန်ညှိဆောင်ရွက်နိုင်ပါရန် တင်ပြအပ်ပါသည်။

 

ရင်းမြစ်။        Indonesian Palm Oil Association

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

 

 

Category: Singapore