Vietnam

ဗီယက်နမ်နိုင်ငံ၏ အုန်းသီးစက်မှုလုပ်ငန်းသည် ဒေါ်လာဘီလီယံချီအလားအလာရှိသော ဈေးကွက်များသို့ ဝင်ရောက်ရန် ကြိုးပမ်း

Last Updated:

ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသနှင့် တောင်အလယ်ပိုင်းကမ်းရိုးတန်းဒေသ များမှ အုန်းသီးတင်ပို့မှုသည် နိုင်ငံ၏ အဓိကစီးပွားရေး မောင်းနှင်အားအဖြစ် ပေါ်ထွက်လာပြီး အမေရိကန်နှင့် တရုတ်နိုင်ငံကဲ့သို့သော ဒေါ်လာဘီလီယံချီ အလားအလာရှိသည့် ဈေးကွက် များသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း VN Express International အွန်လိုင်းသတင်း ဖော်ပြချက် အရ သိရှိရပါသည်။

 စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် အုန်းစိုက်ပျိုးဧရိယာ ဟက်တာ ၂၀၀,၀၀၀ ကျော်ရှိကြောင်း၊ အုန်းသည် ၂၀၃၀ ခုနှစ် စက်မှုသီးနှံဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားစီမံကိန်းတွင် ပါဝင်သော အဓိကသီးနှံ (၆) မျိုးထဲမှ တစ်ခုဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၈၀ ရရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် တွင် အုန်းသီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၉၀၀ အထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် မျှော်မှန်း ထားကြောင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနသည် ဗီယက်နမ်အုန်းသီး ကမ္ဘာ့ဈေးကွက်အတွင်းတည်ရှိမှု ချဲ့ထွင်နိုင်ရန်အတွက် အုန်းသီး လုပ်ငန်း၏ အရွယ်အစားနှင့် အရည်အသွေး နှစ်မျိုးလုံးကို တိုးမြင့်ရန် စီစဉ်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ကမ္ဘာလုံးဆိုင်ရာ အုန်းသီးထုတ်လုပ်မှုနှင့် တင်ပို့မှုအချက်အလက်များအရ ဗီယက်နမ် သည် နှစ်စဉ် အုန်းသီး အထွက်နှုန်း တန်ချိန် ၂ သန်းနီးပါးဖြင့် အဆင့် ၆ နေရာတွင် ရပ်တည် လျက်ရှိကြောင်း၊ ဗီယက်နမ်အုန်းသီး အရည်အသွေးနှင့် အထွက်နှုန်းသည် သိသိသာသာ မြင့်မားပြီး အုန်းသီးအသား ၃၅ ရာခိုင်နှုန်းနှင့် အုန်းရေ ၂၇ ရာခိုင်နှုန်းပါဝင်ပြီး အဆိုပါနှစ်ခု စလုံးသည် ကမ္ဘာ့ပျမ်းမျှ ၅ ရာခိုင်နှုန်းကို ကျော်လွန်လျက်ရှိကြောင်း Southern Horticultural Research Institute (SOFRI) မှ ဒေါက်တာ Tran Thi My Hanh က ပြောကြားခဲ့ပါသည်။

 အုန်းစိုက်ပျိုးမှုတွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတစ်ခုဖြစ်သည့် Ben Tre သည် အုန်းသီး စိုက်ပျိုးဧက ဟက်တာ ၈၀,၀၀၀ ကျော်ရှိပြီး အကြီးဆုံးစိုက်ပျိုးထုတ်လုပ်သူ ဖြစ်ကြောင်း၊ Ben Tre စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Huynh Quang Duc က အဆိုပါ Ben Tre ပြည်နယ်သည် ဗီယက်နမ်နိုင်ငံ၏ အုန်းသီးမြို့တော်ဖြစ်ပြီး စုစုပေါင်း အုန်းသီးဧရိယာ၏ ၄၂ ရာခိုင်နှုန်း ရှိကြောင်း၊ အုန်းစိုက်ပျိုးခြင်းသည် ပြည်နယ် အတွင်းရှိ ကျေးလက်အိမ်ထောင်စု ၂၀၀,၀၀၀ ကျော်အတွက် အဓိက ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်ကြောင်း၊ မကြာသေးမီနှစ်များ အတွင်း လယ်သမားအများစုသည် အမြတ်နည်းသော စပါးစိုက်ပျိုးခြင်းမှ အုန်းသီးစိုက်ပျိုးခြင်း သို့ ပြောင်းလဲလာခဲ့ပြီး ဝင်ငွေတိုးကာ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းကို ပေးစွမ်း နိုင်ခဲ့ကြောင်း၊ Ben Tre ၏ အုန်းသီးထုတ်ကုန်များသည် ၂၀၂၄ ခုနှစ်တွင် ပို့ကုန်ဝင်ငွေဒေါ်လာ သန်း ၅၀၀ ရရှိရန် မျှော်မှန်းထားပြီး နိုင်ငံ၏ စုစုပေါင်း အုန်းသီးတင်ပို့မှု တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်ဈေးကွက်သည် ဗီယက်နမ်အုန်းသီးများအတွက် သိသာထင်ရှားသော အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း၊ လူဦးရေများပြားသော တရုတ်နိုင်ငံတွင် အုန်းစိမ်း၊ အုန်းရေ၊ အုန်းဆီနှင့် ပြုပြင်ထားသော အုန်းသီးထုတ်ကုန်များ အပါအဝင် အုန်းသီးအခြေခံ ထုတ်ကုန် များအတွက် ဝယ်လိုအား မြင့်မားလျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံသည် နီးကပ်စွာရှိနေသဖြင့် သင်္ဘောခ ကုန်ကျစရိတ်တွင် အပြိုင်အဆိုင် အသာစီးရရှိထားပြီး အရှေ့တောင်အာရှနှင့် အာဖရိက ပြိုင်ဘက် များနှင့် နှိုင်းယှဉ်ပါက ပိုမိုအဆင်ပြေစေကြောင်း၊ ထို့အပြင် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်များသည် အကျိုးအမြတ်များသော ဈေးကွက်သို့ ပိုမိုလွယ်ကူစွာ ဝင်ရောက် နိုင်စေရန် ပံ့ပိုးပေးကြောင်း၊ အထူးသဖြင့် Ben Tre နှင့် မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသတို့မှ ဗီယက်နမ်၏ ကြီးမားသော အုန်းသီးထုတ်လုပ်မှုစွမ်းရည်သည် တရုတ်နိုင်ငံ၏ တိုးပွား လာသော ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် တည်ငြိမ်သောထောက်ပံ့မှုပေးရန် အခြေအနေကောင်းရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် နှစ်စဉ်အုန်းသီး ၄ ဘီလီယံခန့် စားသုံးရန်ခန့််မှန်းထားပြီး ၎င်းတို့အနက်မှ ၂.၆ ဘီလီယံခန့်သည် အုန်းသီးလတ်လတ်ဆတ်ဆတ်များဖြစ်ကြောင်း၊ ထိုကဲ့သို့ ဝယ်လိုအား မြင့်မားနေသော်လည်း တရုတ်နိုင်ငံ၏ ပြည်တွင်း ထုတ်လုပ်မှုမှာ မလုံလောက်သဖြင့် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဗီယက်နမ်၏ အုန်းသီးတင်ပို့မှု အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဗီယက်နမ်အုန်းသီး စက်မှုလုပ်ငန်းကဏ္ဍတွင် အားသာချက်များစွာရှိသော်လည်း တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန် တင်းကြပ်သော စီမံခန့်ခွဲမှုလိုအပ်ကြောင်း ကျွမ်းကျင် သူများက အလေးပေးဖော်ပြထားပါသည်။ Vina T&T Group ၏ နည်းပညာဆိုင်ရာ ဒါရိုက်တာ Nguyen Phong Phu က တရုတ်နိုင်ငံသို့ ဗီယက်နမ်၏ အုန်းသီးလတ်လတ် တင်ပို့မှုကို အတည်ပြုခြင်းသည် သိသာထင်ရှားသော စီးပွားရေးအခွင့်အလမ်းများကို ဖော်ဆောင် ပေးကြောင်း၊ သို့သော်လည်း အဆိုပါ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထား ရန်အတွက် အစိုးရအာဏာပိုင်များနှင့် ထုတ်လုပ်သူနှစ်ဦးစလုံးသည် ထုတ်လုပ်မှုစံနှုန်းများကို စီမံခန့်ခွဲ ရန်နှင့် လိမ်လည်မှုတိုက်ဖျက်ရန် အတူတကွ လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ အစိုးရသည် ပို့ကုန်စီမံခန့်ခွဲမှုအတွက် ဒစ်ဂျစ်တယ်စနစ်များကို အကောင်အထည်ဖော်ဆောင်သင့် ကြောင်းနှင့် ဗီယက်နမ်အုန်းသီး ထုတ်ကုန်များ၏ ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် လိမ်လည်လုပ်ဆောင်မှုများအပေါ် တင်းကြပ်သော ပြစ်ဒဏ်များ ချမှတ်သင့်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်အုန်းသီးအား အမေရိကန်၊ ဩစတြေးလျနှင့် တရုတ်နိုင်ငံတို့ကဲ့သို့ ဈေးကွက် များတွင် လတ်လတ်ဆတ်ဆတ်‌ ရောင်းချနိုင်ရုံမျှမက အုန်းဆံ၊ မီးသွေးနှင့် လက်မှုပစ္စည်းများ ကဲ့သို့သော အသုံးဝင်သော လက်မှုထုတ်ကုန်များ ထုတ်ပေးနိုင်သောကြောင့် စီးပွားရေးအရ တန်ဖိုး ရှိကြောင်း၊ ဗီယက်နမ်အုန်းသီးအသင်း ဥက္ကဋ္ဌ Nguyen Thi Kim Thanh က ဗီယက်နမ်နိုင်ငံရှိ အုန်းခြံ ဟက်တာ ၂၀၀,၀၀၀ တွင် ၁၂၀,၀၀၀ ကို ပြုပြင်ထုတ်လုပ်ရန် အသုံးပြုလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ရင်းနှီးမြှုပ်နှံပြီး ပြုပြင် အပ်ဗီယက်နမ်သည် အုန်းသီးတန်ဖိုးမြှင့်တင်ရန်အတွက် ပိုမိုကောင်းမွန်သော အုန်းမျိုးများကို ရင်းနှီးမြှုပ်နှံပြီး ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းကို မြှင့်တင်သင့်ကြောင်း သူမကအလေးပေး ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ဗီယက်နမ်သည် အုန်းသီးကုန်ကြမ်းများကို နိုင်ငံတကာဈေးကွက်များသို့ တင်ပို့ရောင်းချသည့် အဓိကနိုင်ငံဖြစ်လာသည်။ သို့သော်လည်း ကြားခံအရေအတွက် လျှော့ချပြီး ထောက်ပံ့ရေးကွင်းဆက် အတိုချုံရန်အတွက် အုန်းစိုက်ပျိုးသည့် ဒေသများတွင် အခြေခံ အဆောက်အဦများမြှင့်တင်ရန် လိုအပ်လျက်ရှိကြောင်း၊ သို့မှသာ အုန်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ဈေးကွက်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရှိကာ ၎င်းတို့၏ ဝင်ငွေကို မြှင့်တင်ပေးရုံမျှသာမက အုန်းဆက်လက်စိုက်ပျိုးရန် မက်လုံးများ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

Source: VN Express International

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

Category: Vietnam