Japan

Ransomware ကွန်ပျူတာဗိုင်းရပ်စ်ကို တုံ့ပြန်နိုင်ရေးအတွက် အာဆီယံ နိုင်ငံများအား ဂျပန်နိုင်ငံမှ ပံ့ပိုးပေးသွားမည်

Last Updated:

ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ဘဏ္ဍာနှစ်မှ စတင်၍ အာဆီယံနိုင်ငံများနှင့်ပူးပေါင်း၍ Ransomware ကွန်ပျူတာဗိုင်းရပ်စ်အား တုံ့ပြန်နိုင်ရေး အပါအဝင် အာဆီယံနိုင်ငံများအတွက် ဆိုက်ဘာလုံခြုံရေး သင်တန်းများကို တိုးမြှင့်ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ၂၁-၁၀-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan to help ASEAN conduct ransomware response drills” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် အဓိကကျသည့် အခြေခံအဆောက်အဦတည်ဆောက်မှု လုပ်ငန်း များ ဆောင်ရွက်လျက် ရှိသည့် ကုမ္ပဏီများနှင့် အစိုးရအဖွဲ့အစည်းများအနေဖြင့် Ransomware ကွန်ပျူတာဗိုင်းရပ်စ်အား တုံ့ပြန်နိုင်ရေးအတွက် ထိုင်းနိုင်ငံအခြေစိုက် အာဆီယံ-ဂျပန်ဆိုက်ဘာ စွမ်းဆောင်ရည် တည်ဆောက်ရေးစင်တာတွင် အစမ်းလေ့ကျင့်မှုများ ပြုလုပ်ပေးသွားမည် ဖြစ် ကြောင်း၊ ဂျပန်နိုင်ငံ အမျိုးသားသတင်းအချက်အလက်နှင့် နည်းပညာဌာနမှ ဆောင်ရွက်ထား သည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုအစီအစဉ်တွင် Ransomware ကွန်ပျူတာဗိုင်းရပ်စ် အား တုံ့ပြန်နိုင်ရေးအတွက်လည်း ထည့်သွင်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အာဆီယံ-ဂျပန် ဆိုက်ဘာစွမ်းဆောင်ရည် တည်ဆောက်ရေးစင်တာအနေဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ အီးမေးလ်မှတစ်ဆင့် ဝင်ရောက်လာသည့် ဗိုင်းရပ်စ်များကို တုံ့ပြန်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ သို့သော် အာရှ-ပစိဖိတ်ဒေသတွင် Ransomware ကွန်ပျူတာဗိုင်းရပ်စ်များ ဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ပိုမိုကောင်းမွန်သည့် သင်တန်းများ ဖွင့်လှစ်ပေးရန် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ၂၀၂၅ ဘဏ္ဍာနှစ်မှ စတင်၍ လေ့ကျင့်သင်ကြားမှု အသစ်များ စတင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သည့် ကွန်ပျူတာစနစ်များကို ၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

Ransomware ကွန်ပျူတာဗိုင်းရပ်စ်အား တုံ့ပြန်နိုင်ရေးအတွက် အစမ်းလေ့ကျင့်မှုများ တွင် ပါဝင်နိုင်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ရွေးချယ်သွားရန် ရှိကြောင်း၊ ဂျပန်ကုမ္ပဏီ ၁၅,၀၀၀ ကျော်အနေဖြင့် အရှေ့တောင်အာရှဒေသတွင် တည်ရှိလျက်ရှိသည့်အတွက် ဒေသတွင်း၌ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည်များ မြှင့်တင်နိုင်ခြင်းသည် စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုကို မြှင့်တင်နိုင်မည် ဖြစ်သကဲ့သို့ စီးပွားရေးဆိုင်ရာဝန်းကျင်လည်း ပိုမိုကောင်းမွန် လာနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဆိုက်ဘာလုံခြုံရေးစင်တာတွင် လေ့ကျင့်သင်ကြားမှုမှ ရရှိလာသည့် အတွေ့အကြုံများကို အာရှ-ပစိဖိတ်ဒေသတွင် ပြန်လည်အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အရေးပါသော အခြေခံ အဆောက်အဦများကို ကာကွယ်နိုင်သည့် စွမ်းဆောင်ရည်များ မြှင့်တင်နိုင်ရန်နှင့် ရေအောက် ကေဘယ်ကြိုးများ သွယ်တန်းနိုင်ရန် လိုအပ်သည့် ပစိဖိတ်ကျွန်းနိုင်ငံများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Guam ၌ ဆိုက်ဘာ လေ့ကျင်မှု များလည်း ပြုလုပ်သွားရန် ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသရှိ ကုမ္ပဏီများနှင့် သုတေသနအဖွဲ့အစည်းများ၏ ၁၁ ရာခိုင်နှုန်းမှာ Ransomware ကွန်ပျူတာဗိုင်းရပ်စ်များ တိုက်ခိုက်ခံခဲ့ရကြောင်း Check Point Software Technology က ထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ တိုက်ခိုက်ခံခဲ့ရမှုနှုန်းမှာ အမေရိကန်၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ထက် များပြားလျက်ရှိကြောင်း ဖော်ပြ ထားပါသည်။

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး)

Source: The Nikkei Asia (၂၁-၁၀-၂၀၂၄)

Category: Japan