Singapore

(၁၅) ကြိမ်မြောက် Abu Dhabi-Singapore Joint Forum ကျင်းပ

Last Updated:

(၁၅) ကြိမ်မြောက် Abu Dhabi-Singapore Joint Forum ကို စင်ကာပူနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က ကျင်းပြုလုပ်ခဲ့ပြီး စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး Dr. Tan See Leng နှင့် Executive Affairs Authority ၏ ဥက္ကဋ္ဌ H.E Khaldoon Khalifa Al Mubarak တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ Abu Dhabi-Singapore Joint Forum သည် စင်ကာပူနိုင်ငံနှင့် ယူအေအီးတို့အကြား စီးပွားရေးအရ ဆက်ဆံရေးကို အလေးပေးဆွေးနွေးကြသည့် နှစ်စဉ်ကျင်းပပြုလုပ်သော ဖိုရမ် ဖြစ်ပါသည်။ ဖိုရမ်တွင် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး၊ အစိမ်းရောင်စီးပွားရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ရေရှားပါးမှုပြဿနာနှင့် အာကာသပူးပေါင်းဆောင်ရွက်ရေးစသည့်နယ်ပယ်ကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြပါသည်။

Dr. Tan See Leng က “ဖိုရမ်ကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ပြီး စင်ကာပူနှင့် ယူအေအီးအကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများအတွက် စင်္ကြံတစ်ခုဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်း ဒေသတွင် ယူအေအီးသည် စင်ကာပူနိုင်ငံအတွက် အကြီးဆုံးကုန်သွယ်မှုမိတ်ဖက်ဖြစ် ကြောင်း၊ ဖိုရမ်တွင် ဆွေးနွေးဆောင်ရွက်မှုများသည် နှစ်ဖက်စီးပွားရေးအသိုက်အဝန်းအတွက် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေမည့် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

H.E Khaldoon Khalifa Al Mubarak က “ဖိုရမ်သည် ယူအေအီးနှင့် စင်ကာပူနိုင်ငံအကြား ကဏ္ဍစုံတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် စင်္ကြံဖြစ်ကြောင်း၊ နှစ်ဖက်ဦးဆောင်မှုနှင့် အတူ စီးပွားရေးလုပ်ငန်းများနှင့်လူမှုအသိုက်အဝန်းအတွက် အကျိုးဖြစ်ထွန်းစေရေး နှစ်ဖက် ဆက်ဆံရေးကို ခိုင်မာအောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ယူအေအီးသည် စင်ကာပူနိုင်ငံ၏ အကြီးဆုံးကုန်သွယ်မှုမိတ်ဖက်ဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသနှင့် မြောက်အမေရိကတို့တွင် ရင်းနှီးမြှုပ်နှံမှုဦးတည်ရာနေရာလည်းဖြစ်ပါသည်။ ယူအေအီးသည် ၂၀၂၃ ခုနှစ်က စင်ကာပူနိုင်ငံ၏ ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများအနက် အဆင့် ၁၄ တွင် ရှိခဲ့ပြီး နှစ်ဖက်ကုန်သွယ်မှုပမာဏအားဖြင့် စင်ကာပူဒေါ်လာ ၂၃.၆ ဘီလီယံ ရှိခဲ့ပါ သည်။ ၂၀၂၂ ခုနှစ်၌ စင်ကာပူနိုင်ငံသည် ယူအေအီးတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ဆက်သွယ်ရေးနည်းပညာ၊ အခြေခံအဆောက်အအုံ၊ မြို့ပြအိမ်ရာကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူဒေါ်လာ ၃.၉ ဘီလီယံရှိခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် ယူအေအီးနှင့် စီးပွားရေးအရ ဆက်ဆံရေးထူထောင်ထားခြင်းသည် အရှေ့အလယ်ပိုင်းဒေသနှင့် မြောက်အမေရိကသို့ စီးပွားရေးအရ ဆက်ဆံရေးချဲ့ထွင်ခြင်း ဖြစ်ပြီး အဆိုပါဒေသများတွင် ၎င်း၏စီးပွားရေးကို ယူအေအီးတွင် အခြေပြု၍ ခြေကုပ်ယူခြင်း ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

ရင်းမြစ်။        Ministry of Trade and Industry

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: Singapore