ဂျပန်နိုင်ငံတွင် လုပ်သားပြတ်လပ်လျက် ရှိခြင်းကြောင့် အချိန်ပိုင်း အလုပ်လုပ်သူများ အနေဖြင့် အလုပ်ချိန် ပိုမိုကြာရှည်စွာ လုပ်ကိုင်လာစေရန် ရည်ရွယ်၍ ဂျပန်အစိုးရနှင့် အာဏာရ ပါတီအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည့် ပမာဏကို တိုးမြှင့်ခွင့်ပြုပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း ၃-၁၂-၂၀၂၄ ရက်နေ့ထုတ် The Kyodo News သတင်းစာတွင် “Japan government mulls raising tax-free income threshold from Jan. 2026” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါ သတင်း၌ လက်ရှိတွင် အနည်းဆုံးတစ်နှစ်ဝင်ငွေ ၁.၀၃ သန်း (အမေရိကန် ဒေါ်လာ ၆,၉၀၀) အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိလျက် ရှိကြောင်းနှင့် ဂျပန်အစိုးရမှ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည့် ပမာဏကို တိုးမြှင့်သတ်မှတ်မည်ဆိုပါက ၂၀၂၅ ခုနှစ်၊ ဧပြီလမှ စတင်မည့် လာမည့်ဘဏ္ဍာနှစ်၏ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးစီမံချက်တွင် ထည့်သွင်းသွားနိုင်ကြောင်း နှင့်ဆက်စပ်ဥပဒေကြမ်းများကို လွှတ်တော်သို့ တင်ပြကာ အတည်ပြုသွားနိုင်ကြောင်း ဖော်ပြ ထားပါသည်။
ဂျပန်အစိုးရအနေဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုမည့် ပမာဏကို လက်ရှိတွင် အတည်ပြု ဆုံးဖြတ်ထားခြင်းမရှိသော်လည်း အတိုက်အခံပါတီဖြစ်သည့် Democratic Party for the People (DPP) မှ ယန်း ၁.၇၈ သန်းအဖြစ် သတ်မှတ်ပေးရန် တိုက်တွန်းထားကြောင်း၊ ဂျပန် အစိုးရနှင့် အာဏာရပါတီအနေဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုမည့် ပမာဏ တိုးမြှင့်ခြင်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိဝင်ငွေခွန် ကင်းလွတ်ခွင့် ပမာဏယန်း ၁.၀၃ သန်းသည် အချိန်ပိုင်းလုပ်သားများ၊ အထူးသဖြင့် အိမ်ရှင်မများ နှင့် ကျောင်းသားများအား အလုပ်ချိန်ကြာရှည်စွာ လုပ်ကိုင်ရန်အတွက် တွန်းအားဖြစ်စေမှု မရှိကြောင်း၊ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုမည့် ပမာဏကို တိုးမြှင့်သတ်မှတ်ခြင်းကြောင့် အခွန်ရရှိမှု များလျော့နည်းလာနိုင်သည်ဟု ပြောကြားချက်များအပေါ် အခွန်ဆောင်ရမည့်ပမာဏ လျော့နည်း လာခြင်းကြောင့် ဝင်ငွေရရှိမှုပိုမိုများပြားပြီး၊ ဝယ်ယူသုံးစွဲမှု များပြားလာမည် ဖြစ်ကြောင်း၊ ထို့ပြင် ကုမ္ပဏီများ၏ ဝင်ငွေများ များပြားလာကာ အခွန်ဘဏ္ဍာများလည်း တိုးမြှင့်ရရှိလာနိုင်မည် ဖြစ် ကြောင်း Democratic Party for the People (DPP) ပါတီခေါင်းဆောင်မှ တုံ့ပြန်ပြောကြား ထားကြောင်း ဖော်ပြထားပါသည်။
( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The Kyodo News