Japan

ဂျပန်နိုင်ငံ၏ လစာနှုန်းမှာ လွန်ခဲ့သော ၂ လအတွင်း ကျဆင်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လည်ကောင်းမွန်လာခဲ့

Last Updated:

ဂျပန်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားခများအပေါ် ပံ့ပိုးပေးမှုအစီအစဉ်များ ပြန်လည် စတင်ခဲ့ခြင်းကြောင့် ကုန်စည်ဈေးနှုန်းမြင့်တက်မှုများ လျော့ပါးလာခဲ့သည့်အတွက် လွန်ခဲ့သော ၂ လတာ ကာလအတွင်း ကျဆင်းခဲ့သည့် ဂျပန်နိုင်ငံ၏ လစာနှုန်းမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ တွင် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိခဲ့ကြောင်း ၆-၁၂-၂၀၂၄ ရက်နေ့ ထုတ် The Kyodo News သတင်းစာတွင် “Japan’s real wages flat in October after falling for 2 months” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် အခြေခံလစာနှင့် အချိန်ပိုကြေးအပါအဝင် လစဉ်ပျမ်းမျှလစာမှာ ၂.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၂၉၃,၄၀၁ ယန်း (အမေရိကန်ဒေါ်လာ ၁,၉၅၀) ရှိခဲ့ကြောင်းနှင့် ၃၄ လ ဆက်တိုက် မြင့်တက်ခဲ့ကြောင်း၊ ဆုကြေးနှင့် အခြားသော ပံ့ပိုးငွေများ မပါဝင်သည့် ပျမ်းမျှ လစာမှာ ၂.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၂၆၅,၅၃၇ ယန်းရှိခဲ့ကြောင်းနှင့် ၃၂ နှစ်အတွင်း အများဆုံး  မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံရှိ အချိန်ပြည့်လုပ်သားတစ်ဦး၏ လစဉ်ပျမ်းမျှလစာမှာ ၂.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၃၃၆,၀၇၀ ယန်း ရှိခဲ့ကြောင်းနှင့် ၁၉၉၄ ခုနှစ်မှ စတင်၍ အများဆုံး ဖြစ်ခဲ့ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန် ထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ အိမ်ထောင်စုများ၏ အသုံးစရိတ်မှာ အောက်တိုဘာလတွင် ယခင်နှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် လူ ၂ ဦးနှင့်အထက် ရှိသော အိမ်ထောင်စုများ၏ ပျမ်းမျှအသုံးစရိတ်မှာ ၃၀၅,၈၁၉ ယန်းရှိခဲ့ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP)၏ ထက်ဝက် ကျော်ကို ကိုယ်စားပြုလျက်ရှိသော ပုဂ္ဂလိကဝယ်ယူစားသုံးနိုင်စွမ်းသည် အိမ်ထောင်စုများ၏ ဝယ်ယူသုံးစွဲနိုင်စွမ်းအတွက် အဓိကကျသည့် ညွှန်းကိန်းတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

       

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The Kyodo News   

Category: Japan