Japan

ဂျပန်နိုင်ငံ၏ ဒစ်ဂျစ်တယ်ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံကျော်အထိ စံချိန်တင်များပြားခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ တင်သွင်းမှုမှာ ၂၀၂၄ ခုနှစ်တွင် ၆ ထရီလီယံ ယန်း (အမေရိကန်ဒေါ်လာ ၃၉ ဘီလီယံ) ကို ကျော်လွန်နိုင်ပြီး စံချိန်တင် များပြားနိုင်မည် ဖြစ် ကြောင်း ၁၁-၁၂-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan's digital trade deficit heads for record high of over $39 bn” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် အွန်လိုင်းမှ ကြော်ငြာခြင်း၊ Cloud အသုံးပြုမှု ဝန်ဆောင်ခများနှင့် Streaming Licensing Fees များ ပေးချေရခြင်းတို့ကြောင့် ဂျပန်နိုင်ငံ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုလိုငွေမှာ ၂၀၁၄ ခုနှစ်တွင် ၂ ထရီလီယံယန်းမှ ၂၀၂၃ ခုနှစ်တွင် ၅.၃ ထရီလီယံယန်း အထိ များပြားခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ၅.၄ ထရီလီယံယန်းအထိ ရောက်ရှိခဲ့ကြောင်း၊ Netflix မှ ဝန်ဆောင်မှုများ အသုံးပြုခြင်း၊ Google တွင် ကြော်ငြာခြင်းနှင့် ကိုဗစ်-၁၉ ကာလတွင် ကုမ္ပဏီအများစုအနေဖြင့် Cloud ဝန်ဆောင်မှုများ တိုးမြှင့်သုံးစွဲခဲ့ခြင်း ကြောင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ဂျပန်နိုင်ငံ၏ ဒစ်ဂျစ်တယ် ကုန်သွယ်မှုလိုငွေမှာ ယန်း ၁၀ ထရီလီယံနီးပါး ရှိနိုင်ကြောင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ခန့်မှန်းထုတ်ပြန်ထားကြောင်းနှင့်အဆိုပါ ယန်း ၁၀ ထရီလီယံထက် ကျော်လွန်မည်ဆိုပါက ဂျပန် နိုင်ငံ၏ရေနံစိမ်းတင်သွင်းမှုပမာဏ ၁၁ ထရီလီယံယန်းကိုပင် ကျော်လွန်လာနိုင်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပါက ဒစ်ဂျစ်တယ်ဝန်ဆောင်ခများလည်း ရရှိ လာနိုင်မည် ဖြစ်ကြောင်း၊ သို့သော် ဂျပန်ကုမ္ပဏီများအနေဖြင့် Cloud Services ကဲ့သို့သော ကဏ္ဍ များတွင် အမေရိကန်ရှိ နည်းပညာကုမ္ပဏီများအပေါ် အလွန်အမင်း မှီခိုနေရသည့်အတွက် ဒစ်ဂျစ်တယ်ကုန်သွယ်မှုလိုငွေများ များပြားလာခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် ဉာဏ်ရည်တု (Artificial Intelligence) အကူအညီဖြင့် ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်လျက် ရှိကြောင်း၊ အဆိုပါ နည်းပညာဖြင့် သူနာပြုစောင့်ရှောက်ရေး လုပ်ငန်းများအတွက် စီမံခန့်ခွဲမှုစနစ်များ ရေးဆွဲနိုင်မည် ဆိုပါက အခြားသော သက်ကြီးရွယ်အိုများပြားသည့် နိုင်ငံများသို့လည်း အဆိုပါ နည်းပညာများ ဖြန့်ဝေ ပေးနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia 

Category: Japan