Japan

၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဂျပန်အစိုးရ၏ ဘဏ္ဍာငွေအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၇၃၀ ဘီလီယံအထိ စံချိန်တင် များပြားလာ

Last Updated:

၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေလျာထားချက်ကို ယန်း ၁၁၅.၅၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၃၁.၂၈ ဘီလီယံ) လျာထားတောင်းခံသွားရန် ၂၇-၁၂-၂၀၂၄ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း ၂၇-၁၂-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan to greenlight record $730bn budget with reduced bond issuance” ခေါင်းစဉ်ဖြင့် ဖော်ပြ ခဲ့ပါသည်။

အဆိုပါ သတင်းတွင် ၂၀၂၅ ဘဏ္ဍာနှစ်လျာထားချက်တွင် ချေးငွေစာချုပ်ရောင်းချမှု ပမာဏကို ၂၀၂၄ ဘဏ္ဍာနှစ် ကနဦး ဘဏ္ဍာငွေလျာထားချက်နှင့်နှိုင်းယှဉ်ပါက ၆.၈ ထရီလီယံ ယန်း လျှော့ချထားသည့်အတွက် ၂၈.၆၅ ထရီလီယံ ယန်းခန့်သာ ရရှိနိုင်ကြောင်း ခန့်မှန်းထား သော်လည်း၊ ၂၀၂၅ ဘဏ္ဍာနှစ်တွင် အခွန်ဝင်ငွေ စံချိန်တင်အများအပြား ရရှိလာနိုင်မည်ဟု မျှော်မှန်းထားကြောင်း ဖော်ပြထားပါသည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် မိတ်ဖက်ပါတီဖြစ်သည့် Komeito ပါတီတို့ အဆိုပြု ခဲ့သည့် ဘဏ္ဍာငွေပမာဏမှာ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကနဦးဘဏ္ဍာငွေလျာထားချက်နှင့် နှိုင်းယှဉ်ပါက များပြားခဲ့ကြောင်း၊ ထိုသို့ များပြားခဲ့ရခြင်းမှာ လူမှုဖူလုံရေးနှင့် ကာကွယ်ရေး အသုံး စရိတ်များ များပြားလာခြင်း၊ သက်ကြီးရွယ်အိုများပြားလာမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးနှင့် ပြောင်းလဲလာသည့် လုံခြုံရေးဆိုင်ရာ ဝန်းကျင်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ များပြား လာခြင်း တို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အရေးပေါ်အသုံးစရိတ်အတွက် ခွဲဝေချထားပေးခဲ့ရမှုကြောင့် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကနဦးဘဏ္ဍာငွေအသုံးစရိတ်လျာထားမှုမှာ လျော့နည်းခဲ့သော်လည်း ယခုနှစ်တွင် အသုံးစရိတ် တောင်းခံမှုမှာ ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ အခွန်ရငွေ လျာထားချက်မှာ ၂၀၂၄ ဘဏ္ဍာနှစ် ကနဦး ဘဏ္ဍာငွေနှင့် နှိုင်းယှဉ်ပါက ၈.၃ ထရီလီယံယန်း များပြားလာခဲ့ပြီး၊ ၇၈.၄၄ ထရီလီယံ ယန်း ရှိခဲ့ကြောင်း၊ ထိုသို့ အခွန်ရငွေကို တိုးမြှင့်လျာထားခဲ့ရခြင်းမှာ လစာနှုန်းများ တိုးမြှင့်လာ နိုင်မှုကြောင့် ဝင်ငွေရရှိမှုမြင့်မားလာပြီး၊ အသုံးစရိတ်လည်း များပြားလာမည် ဖြစ်သည့်အတွက် အသုံးစရိတ်အပေါ် ကောက်ခံသည့် သုံးစွဲခွန်လည်း များပြားလာနိုင်၍ ဖြစ်ကြောင်း၊ ထို့အတူ ပို့ကုန်တင်ပို့မှု အားကောင်းလာခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေရရှိမှုလည်း များပြား လာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

၂၀၂၅ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ လျာထားချက်တွင် ဝင်ငွေခွန်မှ ၂၃.၃ ထရီလီယံယန်း၊ စီးပွားရေးလုပ်ငန်းများထံမှ ဝင်ငွေခွန် ၁၉.၂ ထရီလီယံ ယန်း၊ စားသုံးခွန်မှ ၂၄.၉ ထရီလီယံ ယန်း ရရှိနိုင်ရန် မျှော်မှန်းထားပြီး၊ အဆိုပါ မျှော်မှန်းချက်များမှာ ၂၀၂၄ ဘဏ္ဍာနှစ်လျာထားချက်နှင့် နှိုင်းယှဉ်ပါက များပြားခဲ့ကြောင်း ဖော်ပြထားပါသည်။ လက်ရှိတွင် တစ်နှစ်ဝင်ငွေ ယန်း ၁.၀၃ သန်းအထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုရန် သတ်မှတ်ထားခြင်းကိုလည်း  လာမည့်နှစ်မှစ၍ တိုးမြှင့် သတ်မှတ်သွားမည် ဖြစ်၍ အခွန်ရရှိငွေပမာဏမှာ ယန်း ၇၀၀ ဘီလီယံ လျော့နည်းလာနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၅ ဘဏ္ဍာနှစ်တွင် ချေးငွေစာချုပ်များ ထုတ်ရောင်းမှုမှ ရရှိငွေမှာ စုစုပေါင်း အသုံးစရိတ်၏ ၂၅ ရာခိုင်နှုန်းအထိရှိရန် လျာထားလျက်ရှိပြီး၊ ၂၀၂၄ ဘဏ္ဍာ နှစ်တွင် ၃၁ ရာခိုင်နှုန်း ရှိခဲ့ကြောင်းနှင့် ၁၉၉၈ ဘဏ္ဍာနှစ်မှစ၍ ပထမဆုံးအကြိမ် ၃၀ ရာခိုင်နှုန်း အောက် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။ 

 

 

 

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The Nikkei Asia  

 

Category: Japan