Japan

တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအား ပြန်လည် တင်သွင်းခွင့်ပြုရန် စဉ်းစားလျက်ရှိ

Last Updated:

ဖူကူရှီမား နျူကလီးယား ဓာတ်အားပေးစက်ရုံအနီး ပင်လယ်ထဲရှိ ရေများမှာ ဘေးကင်း ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက်တွင် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအား ပြန်လည်တင်သွင်းခွင့်ပြုရန် စဉ်းစားလျက်ရှိကြောင်း ၂၃-၁၂-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “China contemplates allowing seafood imports from Japan” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် တရုတ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပထမ နှစ်ဝက်အတွင်း ဂျပန် နိုင်ငံမှ ရေထွက်ကုန်များ တင်သွင်းခွင့်ကို  ပြန်လည်ခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့် နျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများအား ပင်လယ်ထဲသို့ စတင်စွန့်ပစ်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ စတင်၍ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များ တင်သွင်း ခွင့်အား ပိတ်ပင်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ စွန့်ပစ်မည့် ရေများမှာ ဘေးကင်းကြောင်း အပြည်ပြည် ဆိုင်ရာ နျူကလီးယားစွမ်းအင်အေဂျင်စီမှ အတည်ပြုပြီး ဖြစ်သော်လည်း အဆိုပါ စွန့်ပစ်မည့် ရေများတွင် နျူကလီးယားဓာတ်များ ပါဝင်သည်ဟုဆိုကာ တရုတ်နိုင်ငံမှ ကန့်ကွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

နျူကလီးယားဓာတ်အားပေးစက်ရုံမှ စွန့်ပစ်ရေ နမူနာများအား တရုတ်နိုင်ငံမှ စစ်ဆေး ခွင့်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ နျူကလီးယား စွမ်းအင်အေဂျင်စီတို့မှ ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ တရုတ်နိုင်ငံမှ စစ်ဆေးပြီးချိန်တွင် သတ်မှတ် ချက်များနှင့် ကိုက်ညီပါက ဂျပန်နိုင်ငံ၏ ရေထွက်ကုန်များကို တရုတ်နိုင်ငံမှ တဖြည်းဖြည်း ပြန်လည်တင်သွင်းခွင့်ပြုရမည်ဖြစ်ကြောင်း ဂျပန်အစိုးရနှင့် တရုတ်အစိုးရတို့အနေဖြင့် သဘော တူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

တရုတ်ပြည်တွင်းအထူးအေဂျင်စီမှ ပင်လယ်ထဲရှိ ရေနမူနာများ ရယူကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလလယ်တွင် စစ်ဆေးခဲ့ကြောင်း၊ ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာနှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများအား ပီရူးနိုင်ငံ၌ ကျင်းပစဉ်တွေ့ဆုံခဲ့ရာ၌ ၎င်းတို့ စက်တင်ဘာလက သဘောတူညီခဲ့သည့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် တရုတ်ဝန်ကြီးချုပ် လီချန်အား ၂၀၂၅ ခုနှစ်၊ မေလ (သို့မဟုတ်) ဇွန်လတွင် ဂျပန်နိုင်ငံသို့ ဖိတ်ကြားသွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဂျပန်နိုင်ငံသို့ တရုတ်ဝန်ကြီးချုပ်သွားရောက်ချိန်တွင် ဂျပန်နိုင်ငံမှရေထွက်ကုန်များ တရုတ်နိုင်ငံသို့တင်သွင်းခွင့် ပိတ်ပင်ထားမှုအား ပြန်လည်ရုပ်သိမ်းသွားရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန် တွင် ဂျပန်နိုင်ငံနှင့်ဆက်ဆံရေးမှာ ပိုမိုအရေးပါလာသည့်အတွက် တရုတ်အစိုးရ၏ ရပ်တည်ချက် ပြောင်းလဲလာရခြင်း ဖြစ်ကြောင်း၊ အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသော ဒေါ်နယ်ထရန့်အနေဖြင့် ကိုယ်ကျိုးစီးပွားကို ကာကွယ်သည့် Protectionist Policy ကို ကျင့်သုံး သွားဖွယ်ရှိကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံကဲ့သို့သော ပို့ကုန်အများအပြား တင်ပို့နေသည့် နိုင်ငံ များနှင့် ပူးပေါင်း၍ အမေရိကန်ကို တန်ပြန်နိုင်ရေး ဆောင်ရွက်လိုသည့်အတွက် တရုတ်နိုင်ငံ အနေဖြင့် ဂျပန်နိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်စေရေး ဆောင်ရွက်လာရခြင်း ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

တရုတ်အစိုးရအနေဖြင့်လည်း အမေရိကန်-ဂျပန် မိတ်ဖက်ဆက်ဆံရေး (သို့မဟုတ်) အမေရိကန်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုကို အားနည်းလာစေရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် တရုတ်-ဂျပန်ဆက်ဆံရေးမှာ ပိုမို ဆိုးရွားလာနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဂျပန်ကို အောင်နိုင်ခြင်းအထိမ်းအမှတ် နှစ် ၈၀ ပြည့်အခမ်းအနား ကျင်းပသွားမည် ဖြစ်ရာ အဆိုပါ အခမ်းအနားမှာ ဂျပန်ကို အပြင်းအထန်ဆန့်ကျင်သည့် အခမ်းအနားဖြစ်ပါက ဂျပန် နိုင်ငံတွင်လည်း တရုတ်ဆန့်ကျင်သည့် သဘောထားများ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထား ပါသည်။

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia 

Category: Japan