Japan

ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၅ ခုနှစ်တွင် တိုးတက်လာနိုင်သော် လည်း အမေရိကန်မှ အကောက်ခွန်တိုးမြှင့်သတ်မှတ်ပါက ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်

Last Updated:

ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို လျော့နည်းစေရေး အတွက် ဂျပန်အစိုးရ၏ ပံ့ပိုးပေးမှုဆိုင်ရာ မူဝါဒများနှင့် လစာနှုန်းထား တိုးမြှင့်လာနိုင်မှုများ ကြောင့် ၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ဆက်လက်ကောင်းမွန်လာနိုင် မည် ဖြစ်ကြောင်း ၂၉-၁၂-၂၀၂၄ ရက်နေ့ထုတ် The Japan Today သတင်းစာတွင် “Japan’s economy likely to grow in 2025 but Trump tariffs cast shadow” ခေါင်းစဉ်ဖြင့် ဖော်ပြ ခဲ့ပါသည်။

အဆိုပါ သတင်းတွင် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှိဘာအစိုးရအနေဖြင့် စီးပွားရေးအပေါ် သက်ရောက်မှုများ လျော့နည်းစေရေးအတွက် ၃၉ ထရီလီယံယန်းတန်ဖိုးရှိ Stimulus Package ကို ဖော်ဆောင်ခဲ့ကြောင်း၊ အဆိုပါ စီမံချက်အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း ကျသင့်မည့် လျှပ်စစ်မီတာခများနှင့် ဓာတ်ငွေ့နှုန်းထားများအပေါ် အစိုးရမှ ထောက်ပံ့ပေးသွား မည် ဖြစ်ကြောင်း၊ ထို့အတူ ဝင်ငွေနည်း အိမ်ထောင်စုများသို့လည်း ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်ကုမ္ပဏီများအနေဖြင့် ၂၀၂၄ ခုနှစ်တွင် လစာနှုန်းထားကို ၅.၁၀ ရာခိုင်နှုန်း တိုးမြှင့် ပေးရန် သဘောတူညီခဲ့ကြကြောင်းနှင့် ထိုသို့ ၅ ရာခိုင်နှုန်းအထက် လစာတိုးမြှင့်ပေးမှုမှာ ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင်လည်း လစာဆိုင်ရာ ညှိနှိုင်းအစည်း အဝေးတွင် လက်ရှိလစာတိုးမြှင့်မှုနှုန်းကို ထိန်းထားနိုင်ရေးအတွက် ၅ ရာခိုင်နှုန်းနှင့်အထက် တိုးမြှင့်ပေးရန် ဂျပန်အလုပ်သမားအဖွဲ့ချုပ်မှ တောင်းဆိုသွားမည် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

ဂျပန်နိုင်ငံရှိ လုပ်သားအင်အား၏ ၇၀ ရာခိုင်နှုန်း နီးပါးကို ကိုယ်စားပြုလျက်ရှိသည့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအနေဖြင့် ၆ ရာခိုင်နှုန်းနှင့်အထက် လစာတိုးမြှင့်ပေးရန် ဂျပန်အလုပ်သမားအဖွဲ့ချုပ်မှ တောင်းဆိုသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်တွင် လစာနှုန်းထားများ တိုးမြှင့်လာနိုင်မည် ဖြစ်ကြောင်း၊ လစာနှုန်းထားများ တိုးမြင့်လာခြင်းနှင့် စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများ များပြားလာနိုင်မှုကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၅ ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှု အဖွဲ့အစည်း (OECD) မှ ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်တွင် ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ကာဗွန်ကင်းစင်ရေး ဆိုင်ရာ ကဏ္ဍများ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကဏ္ဍများနှင့် ထုတ်လုပ်မှုမြှင့်တင်နိုင်ရေးဆိုင်ရာ လုပ်ငန်းများကို အလေးထားဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း၊ သို့သော် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးအခြေအနေ မတည်ငြိမ်မှုများကြောင့် ပို့ကုန်တင်ပို့နိုင်မှုအခြေ အနေမှာ မှန်းဆရန် ခက်ခဲလျက်ရှိကြောင်း ဖော်ပြထားပါသည်။ 

ဒေါ်နယ်ထရန့်အစိုးရအနေဖြင့် နိုင်ငံအတွင်း အခွန်နှုန်းထားများ လျှော့ချသတ်မှတ်သွား မည် ဖြစ်ကြောင်း အဆိုပြုထားခြင်းကြောင့် အမေရိကန်၏ စီးပွားရေးအားကောင်းလာနိုင်ပြီး၊ အမေရိကန်နိုင်ငံတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဂျပန်ကုမ္ပဏီများ၏ စီးပွားရေးလည်း ကောင်းမွန်လာနိုင်ကြောင်း၊ သို့သော် ဒေါ်နယ်ထရန့်အစိုးရအနေဖြင့် အမေရိကန်နိုင်ငံသို့ တင်သွင်းလာမည့် ကုန်စည်များအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားထားချက်အရ အကယ်၍ အမေရိကန်မှ ထပ်ဆောင်းအခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံသွားမည် ဆိုပါက ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ၅.၁၉ ရာခိုင်နှုန်း ကျဆင်းသွားနိုင် ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရ၏ ကုန်သွယ်ရေးမူဝါဒများကြောင့် အမေရိကန်နှင့်တရုတ်တို့အကြား တင်းမာမှုများ ဖြစ်ပွားလာနိုင်ပြီး၊ တရုတ်အစိုးရမှ အမေရိကန် အပေါ် တန်ပြန်ဆောင်ရွက်မှုများ ပြုလုပ်လာမည်ဆိုပါက ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံအကြား ဆက်ဆံရေးများ ဆိုးရွားလာကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအပေါ်လည်း ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ ဖြစ်ပေါ်လာမည် ဆိုပါက ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ၄.၈ ရာခိုင်နှုန်း ကျဆင်းလာနိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

 

Source: The Japan Today 

 

Category: Japan