China (HongKong)

ဟောင်ကောင်ဒေသ၏ ခရီးသွားလုပ်ငန်းစီမံချက် အသစ် ထုတ်ပြန်

Last Updated:

ဟောင်ကောင်ဒေသအစိုးရမှ ခရီးသွားလုပ်ငန်း စီမံချက်အသစ် ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း China Daily HK သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် “New HK blueprint aims to boost tourism industry value by HK$120b” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဗျူရိုမှ ထုတ်ပြန် ကြေညာခဲ့သည့် ခရီးသွားလုပ်ငန်းစီမံချက် ၂.၀ သည် ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ခရီးသွား လုပ်ငန်းစီမံချက်ကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားခြင်းဖြစ်ပါသည်။ အသစ်ထုတ်ပြန်လိုက်သည့် စီမံချက်တွင် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (၄) ရက်၊ အသေးစိတ် ဆောင်ရွက်ချက်စုစုပေါင်း (၁၃၀) ပါဝင်ပြီး ဟောင်ကောင်ဒေသကို ကမ္ဘာ့ထိပ်တန်းခရီးသွားရာနေရာအဖြစ် ရပ်တည်မှု ခိုင်မာ စေပြီး ဟောင်ကောင်ဒေသ၏ နေရာတိုင်းကို ခရီးသွားများလာရောက်နေရာအဖြစ် ဖော်ဆောင် သွားရန် ရည်ရွယ်ထားပါသည်။

 အဆိုပါ စီမံချက်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းသည် အရည်အသွေးမြင့် ဝန်ဆောင်မှုများနှင့် အထင်ကရထုတ်ကုန်များဖြင့် (၅) နှစ်အတွင်း ဟောင်ကောင် ဒေသ စီးပွားရေး၌ ပါဝင်သည့် တန်ဖိုး ၆၀ ရာခိုင်နှုန်းကျော် (ဟောင်ကောင်ဒေါ်လာ ၁၂၀ ဘီလီယံ) နှင့် အလုပ်အကိုင်အခွင့်အလမ်း ၂၁၀,၀၀၀ ဖန်တီးပေးနိုင်ရန် ဒေသအစိုးရ တာဝန်ရှိသူများက မျှော်လင့်ထားကြောင်း ရေးသားဖော်ပြထားပါသည်။

စီမံချက်သည် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု၊ အားကစား၊ ဂေဟစနစ်နှင့် အခမ်းအနား/ ပွဲများ ပေါင်းစပ်၍မြှင့်တင်ဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် ဈေးကွက်များဝင်ရောက်မှုနှင့်  ငွေကြေး အများအပြားသုံးစွဲနိုင်ပြီး ညအိပ်တည်းခိုနေထိုင်မည့် ခရီးသွားများကို ဆွဲဆောင်ရန် အသားပေး ဖော်ပြထားပါသည်။ ထို့ပြင် တရုတ်ပြည်မ ခရီးသွားဈေးကွက်ခိုင်မာစေရေး၊ နိုင်ငံတကာမှ ပြပွဲနှင့် အခမ်းအနားများ ဟောင်ကောင်ဒေသတွင် လာရောက်ကျင်းပရန် ဆွဲဆောင်ရေးနှင့် အပျော်စီးသင်္ဘောခရီးသည်များ ဟောင်ကောင်ဒေသသို့ ပိုမိုလာရောက် လည်ပတ်ရေး တွန်းအားပေး ဆောင်ရွက်ရန် ဖော်ပြထားသကဲ့သို့ အရှေ့အလယ်ပိုင်းနှင့် အရှေ့ တောင်အာရှဒေသသည် ဟောင်ကောင်ဒေသ၏ အနာဂတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် ဈေးကွက်များဖြစ်သည်ဟု စီမံချက်တွင်  အလေးထားဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

Smart Tourism မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ အီလက်ထရောနစ်စနစ်ဖြင့် ပေးချေမှု ပိုမို တွင်ကျယ်ရေးအတွက် လုပ်ဆောင်သွားရန် စီမံချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။ ထို့ပြင် အရည်အသွေးကောင်းမွန်သည့် ဝန်ဆောင်မှုများနှင့် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦများ မြှင့်တင်ရေးအတွက် အရည်အသွေးရှိသူများ ဆွဲဆောင်သွားရန် ရည်ရွယ်ထားကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

 

Category: China (HongKong)