Singapore

တရုတ်လုပ်ငန်းများက မျက်စိကျနေသည့် ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်

Last Updated:

အကောင်အထည်ဖော်နေသည့် ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်မှာ စင်ကာပူနိုင်ငံမှ လုပ်ငန်းများကိုသာမက တရုတ်နိုင်ငံမှ လုပ်ငန်းများကိုပါ ဆွဲဆောင်နိုင်ကြောင်း၊ တရုတ်နိုင်ငံ ပြင်ပသို့ လုပ်ငန်းချဲ့ထွင်လိုသည့် တရုတ် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်နိုင်လျက်ရှိကြောင်း The Business Times သတင်းစာတွင် ဖော်ပြပါရှိပါသည်။

“မလေးရှားတောင်ဖက်ပိုင်းသည် တရုတ်လုပ်ငန်းများအတွက် လုပ်ငန်းလုပ်ကိုင်ရန် အချက်အခြာ နေရာဖြစ်လာကြောင်း၊ ဂျိုဟိုးဖက်အခြမ်းတွင် တရုတ်ကုမ္ပဏီများ အထူးသဖြင့် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းကိရိယာများထုတ်လုပ်သည့် ကုမ္ပဏီများ လာရောက် လုပ်ကိုင်လာကြကြောင်း၊ တရုတ်ကုမ္ပဏီများ ဂျိုဟိုးပြည်နယ်တွင် လာရောက်လုပ်ကိုင်ကြခြင်းမှာ စင်ကာပူဈေးကွက်နှင့် နီးခြင်း၊ အခြေခံအဆောက်အအုံကောင်းမွန်ခြင်း၊ ကုန်ကျစရိတ်သက်သာ ခြင်းတို့ကြောင့်ဖြစ်ကြောင်း” ဂျိုဟိုးပြည်နယ် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ စားသုံးသူရေးရာနှင့် လူ့စွမ်းအားကော်မတီ၏ ဥက္ကဋ္ဌ Mr. Lee Ting Han က ပြောကြားခဲ့ပါသည်။

“ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားကုမ္ပဏီများအတွက် အခွန်ကင်းလွတ်ခွင့်များ ကို ရက်ရောစွာ ပေးထားပြီးဖြစ်ကြောင်း၊ ကုန်စည်နှင့်လူပုဂ္ဂိုလ်များ ပိုမိုလွယ်ကူလျင်မြန်စွာ စီးဆင်း၊ ဖြတ်သန်းသွားလာနိုင်မှုသည် ကုန်စည်ထုတ်လုပ်သူများအတွက် စင်ကာပူနိုင်ငံ၏ ထောက်ပံ့ ပို့ဆောင်ရေး အထောက်အကူပြုလုပ်ငန်းများကို ပိုမိုထိရောက်စွာအသုံးပြုနိုင်စေမည် ဖြစ်ကြောင်း၊ စီးပွားရေးမိတ်ဖက်များအတွက်လည်း ခရီးသွားလာမှု ပိုမိုလွယ်ကူစေမည်ဖြစ် ကြောင်း” Tianma Precision Machinery ၏ ဦးဆောင်ဒါရိုက်တာ Yang Hui ပြောကြားခဲ့ပါ သည်။

“ကောင်းမွန်ပြီး ရှေ့နောက်ညီညွတ်မှုရှိသည့် အခွန်စနစ်၊ အကောက်ခွန်လုပ်ငန်းစဉ်များ၊ လုပ်ငန်း ကုန်ကျစရိတ်သက်သာစေမည့် ကုန်စည်များအတွက် ရှင်းလင်းလွယ်ကူသည့် နယ်စပ်ဖြတ်ကျော် လုပ်ငန်းစဉ်များကို လိုလားကြောင်း၊ အထူးစီးပွားရေးဇုန်အတွင်း စင်ကာပူတီထွင်ဆန်းသစ်မှု လုပ်ငန်းများ လာရောက်လုပ်ကိုင်ရေး မူဝါဒပိုင်းဆိုင်ရာအထောက်အပံ့များ၊ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (Certificate of Origin) အတွက် လုပ်ထုံးလုပ်နည်းများမှာ အဓိက ကျကြောင်း” Cedar Lifetech Ventures ၏ တည်ထောင်သူ Zhao Jingwei က ပြောကြားခဲ့ပါသည်။

ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်ကို တရုတ်လုပ်ငန်းရှင်များ စိတ်ပါဝင်စားရသည့် အချက် တစ်ချက်မှာ ယဉ်ကျေးမှုနီးစပ်ခြင်းဖြစ်ပါသည်။ ဂျိုဟိုးပြည်နယ်တွင် လူဦးရေ ၄.၂ သန်းရှိပြီး တရုတ်လူမျိုးများမှာ ၁.၂ သန်းရှိပါသည်။ “ကုန်ထုတ်လုပ်သူများသည် ဂျိုဟိုး - စင်ကာပူ အထူးစီးပွားရေးဇုန် ထူထောင်ရန် မကြေညာမီက စပိန်နိုင်ငံနှင့်ဘရာဇီးနိုင်ငံတို့တွင် လုပ်ငန်း ချဲ့ထွင်ရန် စဉ်းစားခဲ့ကြောင်း၊ ယဉ်ကျေးမှု၊ အစားအသောက်နှင့် ဘာသာစကားသည်လည်း လုပ်ငန်းချဲ့ထွင်မည့်နေရာကို စဉ်းစားရာတွင် အချက်တစ်ချက်ဖြစ်ကြောင်း” Huirui Polymers ၏ အထွေထွေမန်နေဂျာ Xu Pengfei က ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံက တရုတ်ကုန်စည်များအပေါ် အခွန်နှုန်းသတ်မှတ်မှုသည် ၂၀၁၈ ခုနှစ် ကတည်းက စတင်ခဲ့ပြီး ယင်းနှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုများကြောင့် တရုတ် ကုမ္ပဏီများသည် ပြည်ပနိုင်ငံများသို့ လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ဆောင်လာကြပါသည်။ “တရုတ်နိုင်ငံတွင် ပြည်တွင်းသုံးစွဲမှုကျဆင်းခြင်းသည် တရုတ်ကုမ္ပဏီများကို အခြားဈေးကွက်များ ရှာဖွေရန် တွန်းအားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အာဆီယံဈေးကွက်သည် တရုတ်လုပ်ငန်းရှင်များ အတွက် ခရီးအကွာအဝေးအရ နီးကပ်ခြင်း၊ ဈေးကွက်ကို နားလည်ထားပြီးဖြစ်ခြင်းတို့ကြောင့် အာဆီယံဒေသတွင် လုပ်ငန်း ချဲ့ထွင်မှုများ ပြုလုပ်ကြခြင်းဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ သို့မဟုတ် လက်တင်အမေရိကကဲ့သို့ ဝေးသည့် နေရာများတွင် လုပ်ငန်းချဲ့ထွင်မည့်အစား အရှေ့တောင်အာရှနိုင်ငံများတွင် လုပ်ငန်းချဲ့ထွင်ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုဗဟိုချက်အပြင် ဈေးကွက်ကိုလည်း ရယူနိုင်မည်ဖြစ်ကြောင်း” OCBC ၏ စီးပွားရေးပညာရှင် Selena Ling က ပြောကြားခဲ့ပါသည်။

အထူးစီးပွားရေးဇုန်များတွင် အခွန်ကင်းလွတ်ခွင့်အပြင် ကုန်စည်နှင့်လူပုဂ္ဂိုလ်များ ပိုမိုလွယ်ကူ လျင်မြန်စွာ စီးဆင်း၊ ဖြတ်သန်းသွားလာနိုင်မှု၊ လွယ်ကူရှင်းလင်းသည့် အကောက်ခွန် လုပ်ငန်းစဉ်များသည် လုပ်ငန်းရှင်များ လိုလားသည့်အချက်ဖြစ်ရာ လုပ်ငန်းရှင်များ လုပ်သာ ကိုင်သာဖြစ်စေရေး မူဘောင်အတွင်းမှ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတကာမှ လုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

ရင်းမြစ်။        The Business Times

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: Singapore