China(Nanning)

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုတိုးတက်စေရန် ဆောင်ရွက်ခဲ့

Last Updated:

တရုတ်နိုင်ငံကို ခေတ်မီဆိုရှယ်လစ်နိုင်ငံအဖြစ် တည်ဆောက်ရာတွင် အဓိကကျသည့် အရည် အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ စီးပွားရေးအင်အား၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စွမ်းဆောင်နိုင်မှုများနှင့် နိုင်ငံ၏ပေါင်းစည်းအင်အားများကြောင့် ၂၀၂၄ ခုနှစ်တွင် နောက်ထပ် တိုးတက် မှုများကို ရရှိခဲ့ကြောင်း  အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

၃-၁-၂၀၂၅ ရက်နေ့တွင် ပေကျင်းမြို့၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ၏ လက်ထောက်အကြီးအကဲ Zhao Chenxin က ယခင်နှစ်ကရရှိခဲ့သည့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဓိကအောင်မြင်မှု များကို အလေးပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

 တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှု အားကောင်းလာပြီး ယခင်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု အညွှန်းကိန်းအဆင့်တွင် အဆင့် (၁၁)သို့ တက်လာပြီး လကမ္ဘာစူးစမ်းလေ့လာရေး ပရောဂျက်နှင့် ဓာတ်ငွေ့တာဘိုင်များကဲ့သို့သော ကြီးမားသော ဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှု များကို စဉ်ဆက်မပြတ်ပြုလုပ်နိုင်ခဲ့ကြောင်း Zhao က ပြောကြားခဲ့သည်ဟု သိရှိရသည်။

ဆန်းသစ်တီထွင်မှုဦးစားပေးဖွံ့ဖြိုးတိုးတက်မှုသည် သမာရိုးကျစက်မှုလုပ်ငန်းများကို အဆင့် မြှင့်တင်ခြင်း၊ ထွန်းသစ်စစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ အနာဂတ်စက်မှုလုပ်ငန်းများကို ကြိုတင်စီမံခြင်းနှင့် ခေတ်မီစက်မှုစနစ်တည်ဆောက်ခြင်းတို့တွင် အရှိန်မြှင်တင်နိုင်ခဲ့ကြောင်း၊ ထို့အပြင် နည်းပညာမြင့်ကုန်ထုတ်လုပ်မှုသည် ကုန်ထုတ်လုပ်မှုလုပ်ငန်း၏ စုစုပေါင်းတိုးတက်မှုနှုန်း နှင့် နှိုင်းယှဉ် ပါက တိုးတက်မှုနှုန်း ပိုမိုမြင့်မားကြောင်း Zhao က ပြောကြားခဲ့သည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသည် ယခင်နှစ်တွင် ပေကျင်း-ထန်ကျင်း-ဟဲပေဒေသ၊ ယန်ဇီမြစ်ဝှမ်းဒေသနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအိုမဟာပင်လယ်အော်ဒေသတို့တွင် ပေါင်းစပ်ညှိနှိုင်းထားသော ဒေသ တွင်းဖွံ့ဖြိုးတိုးတက်ရေးဗျူဟာများကို သေချာအကောင်အထည်ဖော်ခဲ့ကြောင်း Zhao က ပြောကြားခဲ့ သည်ဟု သိရှိရသည်။

မြို့ပြ-ကျေးလက် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးအရ ၂၀၂၄ ခုနှစ်တွင် ကျေးလက်ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၃)သန်းကျော်ကို ဖန်တီးပေးခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ကျေးလက်ဒေသနေ ပြည်သူများအတွက် မြို့ပြနေထိုင်ခွင့်မှတ်ပုံတင်ခြင်းကို ဝန်ဆောင်မှုပေးရာတွင် တည်ငြိမ်သောတိုးတက်မှုရရှိခဲ့ပြီး မြို့ပြပြန်လည်ဖော်ဆောင်ရေးလုပ်ငန်းများကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ၎င်း၏ ကာဗွန်လျှော့ချရေးရည်မှန်းချက်များ အောင်မြင်မှု ရရှိစေရန် စီးပွားရေးတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသောအသွင်ကူးပြောင်းမှုနှင့် လူမှုဘဝဖွံ့ဖြိုးတိုး တက်မှုတို့ကို အရှိန်မြှင့်ရန် လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သော အကြီးစား စက်ကိရိယာများ သက်တမ်းတိုးခြင်းနှင့် လူသုံးကုန်ပစ္စည်းများ အဟောင်းပေးအသစ်ယူ အစီအစဉ်များသည် ပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ ကာဗွန်ထုတ်လွှတ်မှုနည်းကာ စွမ်းအင်ချွေတာသော စက်ကိရိယာများနှင့် ထုတ်ကုန်များ သုံးစွဲမှုကို ပိုမိုမြှင့်တင်ခဲ့ကြောင်း Zhao က ပြောကြားခဲ့သည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသည် အရေးကြီးသော ဂေဟစနစ်များကို ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရန် အဓိကစီမံကိန်းများကိုလည်း အရှိန်မြှင့်တင်လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ တတိယသုံးလပတ် အထိ စီရင်စုအဆင့်နှင့်အထက်ရှိ မြို့များ၌ လေထုထဲတွင် အမှုန်များပါဝင်မှု ပျမ်းမျှသိပ်သည်းဆ (PM2.5) သည် တစ်နှစ်ထက် တစ်နှစ် (၃.၆)ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရသည်။

ထို့အပြင် တရုတ်နိုင်ငံသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သောနှစ်တွင် ပွင့်လင်းမြင်သာမှုကို ဆက်လက်ချဲ့ထွင်ကာ ပိုမို ကောင်းမွန် သော စီးပွားရေးစနစ်အတွက် အဖွဲ့အစည်းအသစ်များ တည်ဆောက်ခြင်းကို ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားခဲ့ပြီး နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်များ တိုးတက်မှုနှုန်းကို ထိန်းထားနိုင် ခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံသည် the 2024 Summit of the Forum on China-Africa Cooperation ကိုလည်း အောင်မြင်စွာ လက်ခံကျင်းပခဲ့ကြောင်း သိရှိရသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုတွင်လည်း ပြီးခဲ့သည့်နှစ်၌ ခိုင်မာသော တိုးတက်မှု များကို ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဘရာဇီး၊ ပီရူးနှင့် စင်ကာပူအပါအဝင် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မည့်အစီအစဉ်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အပြင် တရုတ်-ဥရောပကုန်တင်ရထားခရီးစဉ်များ သည် ၂၀၂၄ ခုနှစ်တွင် (၁၀၀,၀၀၀)ကျော်သွားခဲ့ကြောင်း Zhao က ပြောကြားခဲ့သည်ဟု သိရှိရသည်။

ယခင်နှစ်တွင် တရုတ်နိုင်ငံသည် အလုပ်အကိုင်တည်ငြိမ်ရေး၊ ပြည်သူများ၏ ဝင်ငွေတိုးတက် ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ အရည်အသွေးမြှင့်တင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်ဟု Zhao က ကြားခဲ့ကြောင်း၊ NDRC ၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁)လတွင် မြို့ပြဒေသများ၌ အလုပ်အကိုင်သစ် (၁၁.၉၈)သန်းကို ဖန်တီးပေးနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၁၈၀,၀၀၀)တိုးလာခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် သီးနှံရိတ်သိမ်းမှု အောင်မြင်ခဲ့ပြီး သီးနှံအထွက်နှုန်းသည် ယခင်နှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တန်ချိန် သန်း (၇၀၀)ကျော်အထိ ရှိခဲ့ကြောင်း Zhao က ပြောကြားခဲ့သည်ဟု သိရှိရသည်။

 တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ၎င်း၏ စွမ်းအင်ထုတ်လုပ်မှု၊ ထောက်ပံ့မှု၊ သိုလှောင်မှုနှင့် စျေးကွက်ချဲ့ထွင်မှုများကို အရှိန်အဟုန်မြှင့်တင်နိုင်ခဲ့ပြီး စွမ်းအင်လိုအပ်ချက်အမြင့်မားဆုံးကာလ များတွင် အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

Source: https://english.news.cn/20250103/561d05646e6d4dabad15e53aaf69dfb1/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)