Vietnam

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍ၏ ကုန်သွယ်မှုပိုငွေသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံနီးပါးရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန်များ တင်ပို့မှုသည် ၂၀၂၄ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၆၂.၅ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၈.၇ ရာခိုင်နှုန်းတိုးတက် ခဲ့ပြီး ကုန်သွယ်မှု စံချိန်တင်ပိုငွေ အမေရိကန်ဒေါ်လာ ၁၇.၉ ဘီလီယံရှိကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရသိရှိရပါသည်။

အဓိက လယ်ယာထွက်ကုန်များတင်ပို့မှုမှ ၃၂.၈ ဘီလီယံ (၂၂.၄ ရာခိုင်နှုန်း)၊ မွေးမြူရေး ထွက်ကုန်များတင်ပို့မှုမှ ၅၃၃.၆ သန်း (၆.၅ ရာခိုင်နှုန်း)၊ သစ်တောထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇.၂၈ ဘီလီယံ (၁၉.၄ ရာခိုင်နှုန်း)၊ ရေထွက်ပစ္စည်းများတင်ပို့မှုမှ ၁၀.၀၇ ဘီလီယံ (၁၂.၂ ရာခိုင်နှုန်း) ရှိကြောင်း ဖော်ပြထားပါသည်။

သစ်နှင့်သစ်သားထုတ်ကုန်များ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှ ၇.၁၂ ဘီလီယံ၊ ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅.၇၅ ဘီလီယံ၊ ကော်ဖီတင်ပို့မှုမှ ၅.၄၈ ဘီလီယံ ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Phung Duc Tien က ဈေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီသည့် မဟာဗျူဟာမြောက် ပြုပြင်ပြောင်းလဲ မှုများ၊ ထုတ်လုပ်မှုကို ဈေးကွက်လိုအပ်ချက်များနှင့် ချိန်ညှိကာ အာရုံစိုက်ဆောင်ရွက်မှုများ ကြောင့် ယှဉ်ပြိုင်နိုင်စွမ်းနှင့် တန်ဖိုးများ တိုးမြှင့်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်မှ စတင်၍ အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် EU ကဲ့သို့သော အဓိကဈေးကွက်များသို့ ပို့ကုန်များ တိုးချဲ့ တင်ပို့နိုင်ရန်အတွက် စီမံကိန်းများအကောင်အထည်ဖော်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဝန်ကြီးဌာန အနေဖြင့် အလားအလာရှိသော ဈေးကွက်သစ်များနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ သိသာထင်ရှား‌‌သော အောင်မြင်မှုရလဒ်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကုန်သွယ်မှုမြှင့်တင်ရေး၊ ဈေးကွက်သစ်များရရှိရေး၊ ပို့ကုန်တိုးမြှင့်ရန်အတွက် ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ကြောင်း ဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့ပါသည်။ ထို့အပြင် အစားအသောက်ဘေးကင်းရေးဆိုင်ရာကိစ္စရပ်များ၊ တင်ပို့သည့်နိုင်ငံများမှ တင်ပို့ခြင်းဆိုင်ရာ သတိပေးချက်များ၊ ကုန်သွယ်မှုဆက်ဆံရေး ပိုမိုအားကောင်းလာစေရန်အတွက် သံရုံးများနှင့် ကုန်သွယ်ရေးဆိုင်ရာ သံမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ လိုအပ်ကြောင်းဖော်ပြထား ပါသည်။ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများ အားကောင်းစေရန်နှင့်  ဈေးကွက် သတင်းအချက်အလက်ဖလှယ်မှုများကို မြှင့်တင်ရန်အတွက် ပြည်ပနိုင်ငံများတွင် ဗီယက်နမ် စိုက်ပျိုးရေးအကြံပေးများ၏ အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထား ပါသည်။

ဝန်ကြီးဌာနသည် သမားရိုးကျဈေးကွက်များဖြစ်သည့် တရုတ်၊ အမေရိကန်၊ EU၊ ဂျပန် စသည့်ဈေးကွက်များအပြင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ ထွန်းသစ်စ Halar ဈေးကွက်များ သို့ ပစ်မှတ်ထားဆောင်ရွက်လျက်ရှိပါသည်။ အိုင်တီနည်းပညာများကိုအသုံးပြု၍ ဈေးကွက် အချက်အလက်များစုဆောင်းခြင်း၊ ဈေးကွက်အခြေအနေကိုခန့်မှန်းပြီး ထုတ်လုပ်မှုအတွက် နည်းဗျူဟာများချမှတ်ခြင်း၊ သက်ဆိုင်ရာဌာများအနေဖြင့် ထုတ်လုပ်မှုနှင့် သုံးစွဲမှုခန့်မှန်းခြင်း၊ သုတေသနပြုလုပ်ခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထို့အပြင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနသည် နိုင်ငံ တကာ ကတိကဝတ်များနှင့် လိုက်လျောညီထွေရှိစေရန် ကုန်သွယ်မှုဆိုင်ရာ ကုစားမှုများနှင့် နည်းပညာဆိုင်ရာ အတားအဆီးများလျှော့ချရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ အပြန်အလှန်သဘောတူစာချုပ်များ ချုပ်ဆိုခြင်းဖြင့် လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေပြီး ကုန်သွယ်မှုအငြင်းပွားမှုများ ဖြေရှင်းရန်အတွက် စီးပွားရေးလုပ်ငန်း များကို ပံ့ပိုးပေးခဲ့ကြောင်း ဖော်ပြထားပါသည်။လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTAs) များကို မဟာဗျူဟာမြောက် အသုံးပြုခြင်းဖြင့် ဈေးကွက်သို့ အောင်မြင်စွာဝင်ရောက်နိုင်ပြီး ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေးကာ စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း ဖော်ပြထားပါသည်။               

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့

Category: Vietnam