Thailand

ယခုနှစ်အတွင်း စားအုန်းဆီစိမ်း တန်ချိန် ၈၀၀,၀၀၀ တင်ပို့ရန် မျှော်မှန်းထားကြောင်း ထိုင်းနိုင်ငံ ပြည် တွင်း ကုန်သွယ်ရေး ဦးစီးဌာနက ပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ ပြည်တွင်း လတ်ဆတ်ဆီအုန်းသီးနှံဈေးနှုန်းတည်ငြိမ်ရန် ရည်ရွယ်၍ ယခုနှစ် အတွင်း စားအုန်းဆီစိမ်း တန်ချိန် ၈၀၀,၀၀၀ တင်ပို့ရန် မျှော်မှန်းထားကြောင်း ပြည်တွင်း ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Sur-iam က ပြောကြားခဲ့ပါသည်။

ဧပြီလမှ မေလအတွင်း ဆီအုန်းသီးနှံသည် ဝယ်လိုအားထက် ပိုလျှံခဲ့သောကြောင့် ဈေးနှုန်းကျ ဆင်းခဲ့ပြီးနောက် ၁ ကီလိုဂရမ်လျှင် ၅ ဘတ်ကျော် မြင့်တက်လာလျက်ရှိပြီး ဆက်လက် မြင့်တက်လာ နိုင်ကြောင်း၊ ပိုလျှံမှုကို လျှော့ချရန်အတွက် ပို့ကုန်အတွက် အစီအစဉ်ရေးဆွဲလျက်ရှိပါကြောင်း၊ ယခုနှစ် ပထမ ၅ လအတွင်း စားအုန်းဆီစိမ်း တန်ချိန် ၄၀၀,၀၀၀ တင်ပို့ခဲ့ပြီးဖြစ်ရာ ဒုတိယ နှစ်ဝက် တွင်လည်း တန်ချိန်ပမာဏ တူညီစွာ တင်ပို့ရန် မျှော်မှန်းထားပြီး စုစုပေါင်းတန်ချိန် ၈၀၀,၀၀၀ တင်ပို့ရန် မှန်းထား ပါကြောင်း၊ ထိုင်းနိုင်ငံ၏ စားအုန်းဆီစိမ်းသည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ပြီး အကြောင်းမှာ ပြည် တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးနှုန်းသည် တူညီသောကြောင့် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက် လက်ပြောကြားခဲ့ပါသည်။

လက်ရှိ ထိုင်းစားအုန်းဆီစိမ်းဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ၃၃.၂၅ ဘတ် ဖြစ်ပြီး  ကမ္ဘာ့ဈေးနှုန်း မှာ ၁ ကီလိုဂရမ်လျှင် ၃၂.၇၂ ဘတ်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုအတွက် စားအုန်းဆီ စိမ်း ဝယ်လို အားမှာ တန်ချိန် ၁၁၀,၀၀၀၊ ဇီဝဒီဇယ်ထုတ်လုပ်ရန်အတွက် တန်ချိန် ၁၂၀,၀၀၀ နှင့် ပို့ကုန်အတွက် ၈၀၀,၀၀၀- ၉၀၀,၀၀၀ ဖြစ်ပါကြောင်း၊ အိန္ဒိယသည် အဓိက ဈေးကွက်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် စားအုန်းဆီစိမ်း တန်ချိန် ၃၀၀,၀၀၀ စတော့ခ် ရှိပါကြောင်း၊ ဘတ်ငွေအားနည်းနေခြင်းသည် စားအုန်း ဆီ စိမ်းပို့ကုန်အတွက် အကျိုးအမြတ်များစေပါကြောင်း၊ သဘာဝအတိုင်းကြွေကျခြင်း မဟုတ်သည့် ဆီအုန်းသီးနှံမှ စားအုန်းဆီထုတ်လုပ်ခြင်းကို ရှောင်ရှားရန် သီးနှံဝယ်ယူသူများနှင့် ထုတ်လုပ်သည့် စက်ရုံများကို ညွှန်ကြားထားကြောင်း Mr. Wattanasak က ဖြည့်စွက်ပြောကြားပါသည်။

ညွှန်ကြားချက်ကို မလိုက်နာပါက ကုန်စည်နှင့်ဝန်ဆောင်မှုဈေးနှုန်းဥပဒေ ၁၉၉၉ အရ ထောင်ဒဏ် ၅ သို့မဟုတ် ငွေဒဏ် ဘတ် ၁၀၀,၀၀၀ သို့မဟုတ် ဒဏ် ၂ ရပ်လုံး ချမှတ်ခံရမည်ဖြစ် ကြောင်း၊ လုပ်ငန်းလည်ပတ်နေသူများအနေဖြင့် ဆောင်ရွက်မှုအခြေအနေများကို ဌာနသို့ နေ့စဉ် သတင်းပို့ရန်လိုအပ်ပါကြောင်း၊ တောင်းခံသည့်ကိန်းဂဏန်းများမှာ ဝယ်ယူသည့် ဆီအုန်း ပမာဏ၊ ဝယ်ယူသည့်နှုန်းထားနှင့် ထုတ်လုပ်သည့် ဆီအရေအတွက် (ပမာဏ) တို့ဖြစ်ကြောင်း၊ သတ်မှတ် ဈေးနှုန်းအောက် လျော့နည်းဝယ်ယူသည်ကို စစ်ဆေးတွေ့ရှိရပါက ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ သို့မဟုတ် ဒဏ် ၂ ရပ်လုံးဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက် ပြောကြားခဲ့ပါသည်။

ထုတ်ယူသည့် ဆီပမာဏနှင့် သိုလှောင်သည့် နေရာများကို အစီရင်ခံရန် ပျက်ကွက်ခဲ့ပါက ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၂၀,၀၀၀ သို့မဟုတ် ဒဏ် ၂ ရပ်လုံးဖြစ်ပါကြောင်း၊ တောင်သူများအပေါ် ခေါင်းပုံဖြတ်မှုကို ကာကွယ်ရန် ဝယ်ယူမှု နှင့် အချိန်အတွယ် အတိအကျဖြစ်စေ ဦးစီးဌာနမှ စောင့်ကြည့်ရန် ညွှန်ကြားထားကြောင်း၊ ဈေးကောင်းရနိုင်ရေးအတွက် ရင့်မှည့်သည့် ဆီအုန်းသီးနှံများသာ ခူးဆွတ်ရန် တောင်သူများကိုလည်း ပြောကြားထားပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း လတ်ဆတ်ဆီအုန်းသီးနှံထွက်ရှိမှုသည် တန်ချိန် ၁၈ သန်းဖြစ်ပြီး စားအုန်းဆီစိမ်းကို တန်ချိန် ၃ သန်း ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand