ယူအေအီးနိုင်ငံ၏ ရေနံမဟုတ်သောနိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် AED ၂.၉၉၇ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄.၆ % နှစ်စဉ်တိုးမြင့်လာခဲ့ကြောင်း နိုင်ငံခြား ကုန်သွယ်ရေးဝန်ကြီး Dr. Thani bin Ahmed Al Zeyoudi က ပြောကြားခဲ့ပါသည်။
အဆိုပါတိုးတက်မှုနှုန်းသည် ပျမ်းမျှကမ္ဘာ့ကုန်သွယ်မှု ၂.၄ % ထက်သိသိသာသာ ကျော်လွန် နေပြီး နိုင်ငံ၏ခိုင်မာသော စီးပွားရေးမဟာဗျူဟာကို မီးမောင်းထိုးဖော်ပြလျှက်ရှိပါသည်။
ဤမှတ်တိုင်သည် “We the UAE 2031” မျှော်မှန်းချက်တွင်သတ်မှတ်ထားသော AED ၄ ထရီလီယံ၏ ၇၅ % ကိုကိုယ်စားပြုပြီး နောက်ထပ်ခုနစ်နှစ်ကျန်ရှိနေသေးကြောင်း Dr. Al Zeyoudi က အလေး ပေးပြောကြားခဲ့ပါသည်။ ဤတိုးတက်မှု၏အဓိကတွန်းအားမှာ ၂၇.၆ % ဖြင့် AED ၅၆၁.၂ ဘီလီယံ သို့မြင့်တက်လာခဲ့သော ရေနံမဟုတ်သောပို့ကုန်များ၏ ပံ့ပိုးမှုများကြောင့်ဖြစ်ကာ လက်ရှိအချိန်တွင် ပို့ကုန်များသည် စုစုပေါင်းကုန်သွယ်မှု၏ ၁၈.၇ % ရှိနေပြီး ၂၀၂၃ ခုနှစ်တွင် ၁၆.၈ % နှင့် ၂၀၁၉ ခုနှစ် တွင် ၁၄.၁ % မှ တိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။
ထွန်းသစ်စ စီးပွားရေးလုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်ပို့ကုန်စျေးကွက်ချဲ့ထွင်မှုတို့ အပါအဝင် ယူအေအီးနိုင်ငံ၏မတူကွဲပြားသော ကြိုးပမ်းအားထုတ်မှုများကြောင့်တိုးတက်လာခဲ့ခြင်း အားဝန်ကြီးက အသိအမှတ်ပြုကြောင်းဖော်ပြခဲ့ပြီး နိုင်ငံခြားကုန်သွယ်မှုကိုချဲ့ထွင်ခြင်းသည် ၎င်းတို့ ၏အမျိုးသားစီးပွားရေးမဟာဗျူဟာတွင် အဓိကအချက်ဖြစ်ကာ ကုန်သွယ်မှုဆက်ဆံရေးအား မြှင့် တင်ရာတွင် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (CEPA) အစီအစဉ်များ၏ အခန်းကဏ္ဍအပေါ် အလေးထားပြောကြားခဲ့ပါသည်။
ယူအေအီးနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း CEPA မိတ်ဖက်နိုင်ငံများသို့ စုစုပေါင်းတင်ပို့မှုပမာဏ AED ၁၃၅ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ၄၂.၃ % တိုးတက်လာခဲ့ကာ အိန္ဒိယနှင့်တူရကီနိုင်ငံတို့သည် ရေနံ မဟုတ်သော ပို့ကုန်များအတွက် ထိပ်တန်းဒေသများအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။ Dr. Al Zeyoudi က ယူအေအီးနိုင်ငံ၏ ကုန်သွယ်မှုမိတ်ဖက်များအား တိုးချဲ့သွားမည့်ကတိကဝတ်ကို ထပ်မံအတည် ပြုပြောကြားခဲ့ပြီး ၎င်းတို့သည်ဤသို့သောအောင်မြင်မှုများကို မျှဝေနိုင်ရန်အတွက် ၂၀၂၅ ခုနှစ်တွင် လည်းနောက်ထပ် CEPA မိတ်ဖက်နိုင်ငံများကို ထပ်မံပေါင်းစည်းပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါသည်။
ဤမှတ်တမ်းတင်ကုန်သွယ်ရေးကိန်းဂဏန်းများသည် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ၊ အရည်အချင်းရှိသူများနှင့်ရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးဖွင့်လှစ်ထားဆဲဖြစ်ကာ နိုင်ငံ၏တက်ကြွပြီး ခံနိုင်ရည်ရှိသောစီးပွားရေးကိုထင်ဟပ်စေသည့် ကမ္ဘာ့ကုန်သွယ်ရေးဗဟိုချက်အဖြစ်ယူအေအီးနိုင်ငံ ၏ရပ်တည်ချက်အပေါ်အားဖြည့်ပေးလျှက်ရှိကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။