U. A. E

ယူအေအီးတွင်စတုတ္ထအကြိမ်မြောက်ပြသမည့် World of Coffee Dubai ကော်ဖီပြပွဲတွင် ယခင်ပြပွဲများထက် ပိုမိုကြီးမားစေရန်စီစဉ်ဆောင်ရွက်ထားရှိ

Last Updated:

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင်ပြသမည့် World of Coffee Dubai ကော်ဖီပြပွဲသည် အကြီးမားဆုံး ဖြစ်စေရမည်ဟု ကတိကဝန်ပြုကာ ဒူဘိုင်းကမ္ဘာ့ကုန်သွယ်ရေးစင်တာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အတောအတွင်း ပြပွဲကိုစတုတ္ထအကြိမ်မြောက် ခင်းကျင်းပြသသွားရန် စီစဉ်ထား ရှိပါသည်။

ပြပွဲတွင်အသစ်ပါဝင်ပြသလာကြသူ ၁၃၁ ခုတို့အပါအဝင် စံချိန်တင်ပါဝင်သည့် ကုမ္ပဏီပေါင်း ၁,၉၈၀ ခုတို့ဖြင့်အဆိုပါပြပွဲသည် ကမ္ဘာ့ကော်ဖီလုပ်ငန်းတွင် အဓိကတိုးချဲ့မှုတစ်ခုအဖြစ်သို့ ရောက်ရှိ လာခဲ့ပါသည်။ ပြပွဲနေရာသုံးပုံတစ်ပုံ တိုးပွားလာကာ ပြပွဲပြသသူ အရေအတွက် ၅၀ % တိုးတက်လာ ပြီး ပါဝင်ပြသသည့် အမှတ်တံဆိပ်များမှာ ၁၅ % တိုးတက်လာခဲ့ပါသည်။

ယခုနှစ်ပြပွဲတွင် နိုင်ငံပေါင်း ၇၈ နိုင်ငံမှ နိုင်ငံတကာကုမ္ပဏီပေါင်း ၂၅၀ ကျော်နှင့် နိုင်ငံအလိုက် ပြခန်းပေါင်း ၁၀ ခု တို့ဖြင့် တင်ဆက်ပါဝင်ပြသ သွားမည်ဖြစ်ပါသည်။ ထပ်မံပြသသွားမည့် နိုင်ငံများ အနက် ဆော်ဒီအာရေဗျ၊ ဘရာဇီး၊ အီသီယိုးပီးယားနှင့် အိန္ဒိယနိုင်ငံများတို့၏ပြခန်းအရွယ်အစားများ မှာ သုံးဆပိုပြီးကြီးမားလာခဲ့ပါသည်။ မော်ရိုကိုနှင့် မက္ကဆီကိုနို်ငငံများတို့မှာ ၎င်းတို့၏ပွဲဦးထွက်ပြပွဲ များအဖြစ် ဝင်ရောက်ပြသသွားမည်ဖြစ်ပါသည်။ ဆော်ဒီအာရေးဗျနိုင်ငံမှ ကုမ္ပဏီပေါင်း ၃၀ ကျော် အပါအဝင် အာရပ်ဒေသမှကုမ္ပဏီပေါင်း ၁၃၇ ခုတို့ဖြင့် အခိုင်အမာကိုယ်စားပြုထားပြီး ၂၀၂၄ ခုနှစ် က ထက် ခြောက်ဆတိုးတက်လာခဲ့ပါသည်။

အဆိုပါပြပွဲသည် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် MENA ဒေသ၏ ကြီးမားလာနေသော အရေးပါမှု ကို အလေးပေးဖော်ပြနေပါသည်။ ယူအေအီးတစ်နိုင်ငံတည်းတွင် ကော်ဖီဆိုင်အသစ် ၆၈၅ ဆိုင် ဖွင့်လှစ် ခဲ့ပြီး ဆော်ဒီအာရေးဗျနိုင်ငံသည်ကော်ဖီဆိုင်အားလုံး၏ ၄၆ % အထိပါဝင်လျှက်ရှိပါသည်။ ဤကဲ့သို့ ကော်ဖီအထူးပြုပြပွဲတိုးချဲ့မှုကို တွန်းအားပေးခြင်းဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်သည် ၂၀၃၀ ခုနှစ် အထိနှစ်စဉ် ၄.၈၄ % တည်ငြိမ်သောနှုန်းထားဖြင့် တိုးတက်လာမည်ဟု ခန့်မှန်းထားရှိပါသည်။

ယခုနှစ်ကော်ဖီပြပွဲ၏ ထင်ရှားသောအချက်များမှာ Cupping Room၊ Brew Bar နှင့် Roasters Village စသည့်အစီအစဉ်များတို့ဖြစ်ပြီး နိုင်ငံတကာဟောပြောပွဲများနှင့် လက်ဆင့်ကမ်းအလုပ်ရုံ ဆွေးနွေးပွဲများတို့လည်း ပါဝင်မည်ဖြစ်ပါသည်။ ကမ္ဘာ့သီးသန့်ကော်ဖီအချို့ပါ၀င်သည့် ရှားပါးကော်ဖီ စေ့များ၏လေလံပွဲသည် အဓိကဆွဲဆောင်မှုတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ထားပါသည်။ အမျိုးသား ကော်ဖီချန်ပီယံဆုများနှင့် ကော်ဖီဒီဇိုင်းဆုများတို့ပါဝင်သည့် ကော်ဖီပြိုင်ပွဲများတွင် ကော်ဖီလုပ်ငန်း များ၏ ဆန်းသစ်မှုနှင့် တီထွင်ဖန်တီးမှုများအတွက် ဂုဏ်ပြုဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။

ဒူဘိုင်းကမ္ဘာ့ကုန်သွယ်ရေးစင်တာရှိ DXB Live ဌာနမှ ဒုတိယအမှုဆောင်ဥက္ကဌ ဖြစ်သူ Khalid Al Hammadi ကအဆိုပါပြပွဲသည် ကွန်ရက်ချိတ်ဆက်ခြင်းနှင့် စျေးကွက်ချဲ့ထွင်ခြင်းတို့အတွက် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်လာသည်ကိုသတိပြုမိပြီး ကမ္ဘာလုံးဆိုင်ရာစီးပွားရေး လုပ်ငန်းများ၏ ချိတ်ဆက်မှုများကိုမြှင့်တင်ဆောင်ရွက်ရာတွင် ပြပွဲ၏အရေးပါသောအခန်းကဏ္ဍကို မီးမောင်းထိုး ဖော်ပြနိုင်မည်ဖြစ်ကြောင်းဖြင့် သတင်းဌာနမှ ဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့။

Category: U. A. E