India (Kolkata)

(၈) ကြိမ်မြောက် Bengal Global Business Summit (BGBS) အခမ်းအနားသို့ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် တက်ရောက်

Last Updated:

အနောက်ဘင်္ဂလားပြည်နယ်အစိုးရမှ ဦးစီး၍ ကော်လ်ကတ္တားမြို့ရှိ Biswa Bangla Convention Centre ၌ ၅-၂-၂၀၂၅ ရက်နှင့် ၆-၂-၂၀၂၅ ရက် တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် Bengal Global Business Summit (BGBS) အခမ်းအနားသို့ ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်း တက်ရောက်ခဲ့ပါသည်။ ယင်းအခမ်းအနား ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားသို့ အနောက်ဘင်္ဂလား ပြည်နယ်ဝန်ကြီးချုပ် Mamata Banerjee တက်ရောက်အမှာ စကားပြောခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်၊ ထိုင်းနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၀) ကျော်မှ အစိုးရပိုင်း အဆင့်မြင့်ကိုယ်စားလှယ်များ၊ သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ယခုနှစ်ကျင်းပသည့် အခမ်းအနားတွင် Country Partner နိုင်ငံ (၂၀) ၌ မြန်မာနိုင်ငံ ပါဝင်ပြီး၊ မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်မေမျိုးဇော်၊ စီးပွားရေး သံမှူး ဦးကောင်းထွဋ်အောင်၊ ရွှေမျိုးချစ်ကုမ္ပဏီလိမိတက်မှ ဒေါ်သူဇာဝင်းနှင့် ကော်လ်ကတ္တားမြို့ အခြေစိုက် ABH Business Alliance Hub Private Limited တို့မှ ပူးပေါင်းပါဝင် တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲနှင့်အတူ ကုန်စည်ပြပွဲအား Biswa Bangla Mela Prangan တွင် တစ်ပြိုင်တည်း  ကျင်းပ  ပြုလုပ်ခဲ့ရာ၊ ပြခန်းပေါင်း (၂၅၀) ခင်းကျင်းပြသခဲ့ပြီး၊ မြန်မာပြခန်းတွင်  ပြည်တွင်းဖြစ်  လက်မှုပစ္စည်း များ၊ ဒေသထွက်ကုန်နမူနာများအား ခင်းကျင်းပြသခြင်း၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဘူတန်၊ ဂျာမနီ၊ ဂျပန်နှင့် ပိုလန်၊ မလေးရှား၊ နယ်သာလန်နိုင်ငံများမှ နိုင်ငံအလိုက် ဆွေးနွေးပွဲများကျင်းပကြပြီး၊ ကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကုန်ထုတ် လုပ်ရေး၊ ကာကွယ်ရေးနှင့် အင်ဂျင်နီယာထုတ်ကုန်၊ သတင်းအချက်အလက်နည်းပညာ၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည်တို့ ပါဝင်ပါသည်။ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကဏ္ဍဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်မေမျိုးဇော်မှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ (၈) ကြိမ်မြောက်  Bengal Global Business Summit တွင် မြန်မာနိုင်ငံမှ မိတ်ဖက် နိုင်ငံတစ်ခုအဖြစ် ပါဝင်တက်ရောက်၍ ပြခန်းပြသခဲ့ခြင်းဖြင့် အနောက်ဘင်္ဂလားပြည်နယ်နှင့် သာမက တစ်ခြား မိတ်ဖက်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ခြင်း၊ နိုင်ငံအတွက် အလားအလာ ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုအခွင့်အလမ်းများရရှိရေးအတွက် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများနှင့်  ထိတွေ့ဆက်ဆံနိုင်ရေး အခွင့်အလမ်းကောင်းများ ရရှိစေပါသည်။

 

စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့

Category: India (Kolkata)