Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဦးဆောင်၍ ထိုင်းဆန်တင်ပို့သူများပါဝင် သော ကိုယ်စားလှယ်အဖွဲ့သည် ဆန်ကုန်သွယ်မှုအတွက် ဘတ် ၂.၈ ဘီလီယံတန်ဖိုးရှိသော နားလည်မှု စာချွန်လွှာ (၉) ခုကို ဖိလစ်ပိုင်နိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Roonnarong Phoolpipat ဦးဆောင်၍ ထိုင်းဆန်ကုန်သည်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံသို့ ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့အတွင်း သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်၌ ဆန်ကုန်သွယ်မှုအတွက် ဘတ် ၂.၈ ဘီလီယံ တန်ဖိုးရှိသော နားလည်မှုစာချွန်လွှာ (၉) စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

နားလည်မှုစာချွန်လွှာ (၉) စောင်သည် ထိုင်းဆန်တင်ပို့သူများနှင့် ဖိလစ်ပိုင်ဆန်တင်သွင်းသူများ အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ တန်ချိန် ၁၃၀,၀၀၀ အတွက် ဘတ် ၂.၈ ဘီလီယံဖြစ်ပြီး ဖိလစ်ပိုင်‌တွင် ထိုင်းဆန်ဈေးကွက်ပိုင်ဆိုင်မှု မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဖိလစ်ပိုင် သည် ဆန်တန်ချိန် ၄.၁ သန်း တင်သွင်းရန် ခန့်မှန်းထားချက်အရ ထိုင်းဆန်ဈေးကွက် ချဲ့ထွင်ရန် ဦးစီး ဌာနနှင့် ဖိလစ်ပိုင်ရှိ စီးပွားရေးသံမှူးများအား လမ်းညွှန်ထားပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံတွင်း ဆန်ထုတ် လုပ်မှုလျော့ကျလာခြင်းကြောင့် ပြည်တွင်းလိုလားချက်အတိုင်း မလုံလောက်သဖြင့် တိုးမြှင့်တင်သွင်းရ ခြင်းဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Roonnarong က သုံးသပ် ပြောကြားပါသည်။

ထိုင်းကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်အစားအစာလုံခြုံစိတ်ချစေရေးအတွက် တာဝန်ယူ ဆောင်ရွက်နေသော အစိုးအဖွဲ့အစည်းဖြစ်သည့် National Food Authority (NFA) နှင့် တွေ့ဆုံခဲ့ပြီး ဆန်ဈေးကွက်ဆိုင်ရာ အချက်အလက်များ မျှဝေခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၈ ခုနှစ်အထိ ဆန်သွင်းကုန်အခွန်ကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချပြီး ယခုနှစ်နှင့် လာမည့်နှစ်တွင် ဆန် ပိုမိုတင်သွင်းလာနိုင်ကြောင်း၊ အခွန်နှုန်းထားအသစ်သည် ယခုလတွင် စတင်ကောက်ခံမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ဆန်ကုန်သွယ်မှုကို တိုးမြင့်စေမည်ဖြစ်ကြောင်း Mr. Roonnarong က ဖြည့်စွက်ပြော ကြားခဲ့ပါသည်။

ဆန်အတွက် တင်သွင်းခွန်ကို ၄ လလျှင် ၁ ကြိမ် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း၊ အရေးပေါ် အခြေအနေတွင် ဆန်တင်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ ကိစ္စရပ်သည်လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပြီး ဥပဒေကို ပြင်ဆင်ရန် ဖိလစ်ပိုင်အစိုးရနှင့် NFA တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်အတွက် ကြားခံစတော့ထားရှိခြင်းနှင့်စပ်လျဉ်း၍ လက်ရှိဥပဒေအရ NFA ၏ လုပ်ပိုင်ခွင့် သည် ကန့်သတ်ထားပါကြောင်း NFA ၏ ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ဖိလစ်ပိုင်၏ အစားအစာဖူလုံရေးကို ထောက်ပံ့ပေးရန် အဆင်သင့်ရှိနေပါ ကြောင်း၊ ဦးစီးဌာနနှင့် မနီလာရှိ ကုန်သွယ်ရေးစင်တာတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တင်သွင်းသူ ၇၀ ဦး၊ ဆန်ကုန်သည်များ၊ လက်လီရောင်းချသူများနှင့် ဖိလစ်ပိုင်အစိုးရကိုယ်စားလှယ်များကို ဖိတ်ကြား၍ ထိုင်းဆန်အရောင်းမြှင့်တင်ရေးကို ထိုင်းအစိုးရ အသိအမှတ်ပြု Thai Select ဆုရရှိထားသော Mango Tree စားသောက်ဆိုင်တွင် “Premium Thai Rice with Authentic Thai Food” ခေါင်းစဉ်ဖြင့် ကျင်းပ ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံ၏ Soft Power ကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၂၉၉,၇၈၇ တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၇ သန်းဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand