Singapore

ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်သဘောတူစာချုပ် လက်မှတ်ရေးထိုး

Last Updated:

ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Gan Kim Yong နှင့် မလေးရှားနိုင်ငံ၊ စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး Rafizi Ramli တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။ အထူး စီးပွားရေးဇုန်သဘောတူစာချုပ်ကို Putrajaya တွင် ပြုလုပ်ခဲ့သည့် 11th Malaysia-Singapore Leaders’ Retreat တွင် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် Lawrence Wong နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim တို့ ရှေ့မှောက်တွင် လဲလှယ်ခဲ့ပါသည်။

စင်ကာပူဝန်ကြီးချုပ် Lawrence Wong က “နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရေး နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားပြီး ဂျိုဟိုး - စင်ကာပူ အထူးစီးပွားရေးဇုန်တွင် လုပ်ဆောင်ခဲ့သည့် အခြေခံအချက် ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန် စီမံကိန်းသည် စင်ကာပူနိုင်ငံနှင့် ဂျိုဟိုးပြည်နယ်တို့အတွက် အားသာချက်များကို ပိုမိုကောင်းမွန် စေမည့် စီမံကိန်းဖြစ်ကြောင်း၊ ထို့ကြောင့် နှစ်ဖက်အနေဖြင့် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ရင်းနှီးမြှုပ်နှံမှု များ ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများအတွက် အလုပ်အကိုင်များ ပိုမိုဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း၊ သဘောတူစာချုပ်ကို ညှိနှိုင်းဆွေးနွေးစဉ်က ကာလရှည်အားဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကူအညီအထောက်အပံ့ဖြစ်စေရေး နှစ်နိုင်ငံမှ အထူးစီးပွားရေးဇုန်နှင့်ပတ်သက်ဆက်နွယ်သူများအားလုံးက တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း” ပြောကြားခဲ့ပါသည်။

မလေးရှားဝန်ကြီးချုပ် Anwar က “စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး အဖွဲ့တစ်ခုအနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ ရှားပါးသည့် ဆောင်ရွက်မှု ဖြစ်သည့်အတွက် အထူးစီးပွားရေးဇုန်သည် ထူးခြားသည့် ဆောင်ရွက်မှုဖြစ်ကြောင်း၊ စီးပွားရေး မူဝါဒများ ရှင်းလင်းစေရုံသာမက ရင်းနှီးမြှုပ်နှံဆိုင်ရာကိစ္စရပ်များအတွက် ကောင်းမွန်သည့် ဆောင်ရွက်မှုဖြစ်ကြောင်း၊ နှစ်နိုင်ငံအစိုးရများအနေဖြင့် အနာဂတ်လိုအပ်ချက်နှင့် ဦးစားပေး အစီအစဉ်များနှင့်ကိုက်ညီမှုရှိမည့် ရင်းနှီးမြှုပ်နှံမှုများကို စိစစ်ရွေးချယ်လျက်ရှိကြောင်း” ပြောကြား ခဲ့ပါသည်။

ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်မှာ အကျယ်အဝန်းအားဖြင့် ၃၅၀၀ စတုရန်း ကီလိုမီတာ ကျော်ရှိပြီး စင်ကာပူနိုင်ငံ အကျယ်အဝန်း၏ ၄ ဆနီးပါးရှိပါသည်။ အထူးစီးပွားရေးဇုန်ကို Johor Bahru၊ Iskandar Puteri၊ Tanjung Pelepas and Tanjung Bin၊ Pasir Gudang၊ Senai-Skudai၊ Sedenak၊ Forest City၊ Pengerang Integrated Petroleum Complex နှင့် Desaru စသည့် ဇုန် ၉ ဇုန်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။ အဆိုပါဇုန် ၉ ဇုန်တွင် အခွန်ဆိုင်ရာသက်သာခွင့်များကို ခံစားနိုင်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ စီးပွားရေးဝန်ကြီးက ပြောကြားထားပါသည်။

နှစ်နိုင်ငံအစိုးရအနေဖြင့် အထူးစီးပွားရေးဇုန်အတွက် ရန်ပုံငွေထည့်ဝင်ကြမည်ဖြစ်ပါသည်။ မလေးရှားနိုင်ငံ စီးပွားရေးဝန်ကြီးဌာနက အထူးစီးပွားရေးဇုန် အခြေခံအဆောက်အအုံ ရန်ပုံငွေကို ထူထောင်သွားမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်အတွင်း စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တစ်နေရာတည်းအလုံးစုံဝန်ဆောင်မှုပေးနိုင်ရေး Invest Malaysia Facilitation Centre-Johor ကို ထူထောင်သွားမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကုန်သွယ်မှုကို အရှိန် မြှင့်တင်ရန်အတွက် အဆိုပါစွမ်းအင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ပါသည်။ နှစ်နိုင်ငံအနေဖြင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ တိုးတက် စေရေး ဆောင်ရွက်သွားရန်၊ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ ပိုမိုလျင်မြန်စေရေး အတွက် သတင်းအချက်အလက်များ ဝေမျှမည့်အစီအစဉ်ကို စဉ်းစားရန်နှင့်၊ စီးပွားရေးနှင့်ဆိုင် သည့် ယာဉ်များဖြတ်သန်းသွားလာနိုင်ရေး Second Link အသုံးပြုရန်လည်း လေ့လာရှာဖွေသွား ရန် သဘောတူခဲ့ပါသည်။

 ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန်အတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

စင်ကာပူနိုင်ငံ၏ အကျယ်အဝန်းထက် ၄ ဆနီးပါးရှိသည့် ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် စင်ကာပူနိုင်ငံ၏ စီးပွားရေးအရ ယင်းစီမံကိန်း အပေါ်ထားရှိသည့် မျှော်မှန်းချက်ကြီးမားကြောင်း သိရှိနိုင်ပါသည်။ စင်ကာပူနိုင်ငံသည် ၎င်း၏ အိမ်နီးချင်းနိုင်ငံနှင့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ စင်ကာပူနိုင်ငံ၏ နေရာအကျယ်အဝန်းကန့်သတ်ချက်အရ စင်ကာပူ စီးပွားရေးလုပ်ငန်းများအတွက် နယ်မြေဒေသအသစ်ပံ့ပိုးပေးနိုင်ရေးနှင့် အထူးစီးပွားရေးဇုန်တွင် လာရောက်လုပ်ကိုင်ကြမည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် ချိတ်ဆက်မှုရရှိစေရေး၊ ထိုမှတစ်ဆင့် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ပိုမိုခြေကုပ်ရရှိစေရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

ရင်းမြစ်။        The Business Times

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: Singapore