China(Nanning)

၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် လုံလောက်သော အခွင့်အလမ်းများရှိနေ

Last Updated:

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အထူးသဖြင့် စက်ကိရိယာနှင့် လျှပ်စစ်ထုတ်ကုန်များ တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန်နှင့် ကမ္ဘာ့နိုင်ငံများ၏ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသောအသွင်ပြောင်းမှုကို တွန်းအားပေးရန် အရေးကြီးသည့်အခန်းကဏ္ဍ၌ ရှိနေကြောင်း ဈေးကွက်လေ့လာသုံးသပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကုန်သွယ်မှုအတားအဆီးများနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာသက်ရောက်မှုများကဲ့သို့ ပြင်ပ အန္တရာယ်များနှင့် စိန်ခေါ်မှုများ မြင့်တက်လာနေသော်လည်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု သည် တိုးတက်ရန်အတွက် အခွင့်အလမ်းများစွာ ကျန်ရှိနေသေးကြောင်းနှင့် ကမ္ဘာ့ကုန်သွယ်မှု သည် ဆက်တိုက်ပြန်လည်နာလန်ထူလာမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ယွမ် (၃၉.၇၉) ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၄၃ ထရီလီယံ)ရှိပြီး ပို့ကုန်သည် တစ်နှစ်ထက်တစ်နှစ် (၆.၇)ရာခိုင်နှုန်း တိုးမြင့်လာကာ ယွမ် (၂၃.၀၄)ထရီလီယံအထိ တိုးတက်ခဲ့ကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ စာရင်းဇယားများအရ သိရှိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ တရုတ်နိုင်ငံ ၏ ပို့ကုန်ဈေးကွက်ဝေစုသည် ၂၀၂၄ ခုနှစ်၊ ပထမ(၉)လတွင် (၁၄.၅)ရာခိုင်နှုန်းရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၀.၃)ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်လည်း ကုန်စည်ကုန်သွယ်မှုအများဆုံးနိုင်ငံအဖြစ် ရှစ်နှစ်ဆက်တိုက် ဆက်လက်ရပ်တည် ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကို ခိုင်မာသည့် စက်မှုလုပ်ငန်းအခြေခံအုတ်မြစ်နှင့် ဖွံ့ဖြိုးတိုးတက်သော ထောက်ပံ့ရေးကွင်းဆက်များက ပံ့ပိုးပေးထားရုံသာမက အခက်အခဲမျိုးစုံနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်သည့် ခံနိုင်ရည်ရှိမှုနှင့် စွမ်းဆောင်ရည်များကလည်း မြှင့်တင်ပေးခဲ့ ကြောင်း China Academy of International Trade and Economic Cooperation ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည့် နိုင်ငံတကာကုန်သွယ်မှုအဖွဲ့၏ ဒါရိုက်တာ Liang Ming မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန်အတွက် တရုတ်ပို့ကုန်လုပ်ငန်းရှင်များသည် "going global" လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော နည်းပညာများ တွင် ရင်းနှီးမြှုပ်နှံခြင်း၊ ပြည်ပဈေးကွက်များတွင် ပြည်တွင်းကုန်ထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင် ခြင်းနှင့် တိုးတက်မှုများကို ဖန်တီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပေကျင်းအခြေစိုက် China Machinery Industry Federation ၏ လက်ထောက်ညွှန်ကြားရေးမှူး Chen Bin မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်လုပ်ငန်း၏ တိုးတက်မှုသည် ကမ္ဘာ့အနှံ့တွင် သိသာထင်ရှား သော ဝယ်လိုအားများရှိနေပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော၊ ကာဗွန် ထုတ်လွှတ်မှုနည်းသော အသွင်ကူးပြောင်းမှုကို ဆက်လက်ဦးဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော် ကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးသုတေသနစင်တာ၏ မက်ခရိုစီးပွားရေး သုတေသနဌာန အကြီးအကဲ Xu Wei က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စွမ်းအင်သစ်ကဏ္ဍသည် သမာရိုးကျ ရုပ်ကြွင်းလောင်စာများထက် ပိုမိုရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အစားထိုးစွမ်းအင်ရင်းမြစ်များကို ဖော်ထုတ်အသုံး ပြုရန် အလေးထားပြီး ၎င်းတွင် လျှပ်စစ်ကားများ၊ နေရောင်ခြည်နှင့် လေစွမ်းအင်၊ စွမ်းအင် သိုလှောင်မှုနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်တို့ ပါဝင်ကြောင်း သိရှိရပါသည်။

ဥပမာအားဖြင့် ကမ္ဘာ့လေအားနှင့် ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ကုန်ကျစရိတ် များသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း (၆၀)ရာခိုင်နှုန်းနှင့် (၈၀)ရာခိုင်နှုန်းကျော် အသီးသီး ကျဆင်းသွားခဲ့ပြီး ထိုသို့လျှော့ချနိုင်မှုသည် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကြောင့်ဖြစ်ကြောင်း နိုင်ငံ တကာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အေဂျင်စီ၏ အစီရင်ခံစာအရ သိရှိရပါသည်။

အစပိုင်းတွင် တန်ဖိုးနည်းသည့် အလယ်အလတ်ကုန်ပစ္စည်းများ တင်ပို့သော တရုတ်နိုင်ငံ သည် ယခုအခါ ၎င်း၏ တန်ဖိုးမြင့်နည်းပညာနှင့် အဆင့်မြင့်ထုတ်ကုန်များအတွက် ပိုမိုအသိအမှတ် ပြုမှုခံလာရကြောင်း ဂျာမန်စီမံခန့်ခွဲမှု အတိုင်ပင်ခံ Roland Berger မှ ကမ္ဘာလုံးဆိုင်ရာ မန်နေဂျင်း ဒါရိုက်တာ Denis Depoux က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Zhejiang ပြည်နယ်အခြေစိုက် စက်ပစ္စည်းထုတ်လုပ်သည့် Huzhou Sany Loader Co Ltd သည် ၂၀၂၃ ခုနှစ်မှ စတင်ကာ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဘရာဇီးကဲ့သို့သော နိုင်ငံများသို့ electric-powered loaders များကို စတင်တင်ပို့ခဲ့ကြောင်း၊ ပစ္စည်းတစ်ခုစီ၏ ပျမ်းမျှစျေးနှုန်းမှာ ယွမ် (၁)သန်းဝန်းကျင်ဖြစ်ပြီး သမာရိုးကျ diesel loaders များ၏ စျေးနှုန်းထက် နှစ်ဆဖြစ်ကြောင်း သိရှိရပါသည်။

သို့သော် electric loaders များ၏ လည်ပတ်မှုကုန်ကျစရိတ်သည် diesel loaders ၏ သုံးပုံတစ်ပုံမှ လေးပုံတစ်ပုံခန့်ဖြစ်ပြီး သုံးစွဲသူများအတွက် သိသိသာသာ ကုန်ကျစရိတ်သက်သာ စေကြောင်းနှင့် ကုမ္ပဏီသည် လာမည့်နှစ်များအတွင်း လျှပ်စစ်ထုတ်ကုန်များ တင်ပို့မှုကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးယူနစ်၏ အကြီးအကဲ Gao Pengfei က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202501/11/WS67814ef0a310f1265a1da345.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)