အသေးစားစီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်းသည် စီးပွားရေးကဏ္ဍတစ်ရပ်လုံးအပေါ် မျှော်လင့်ချက်နှင့် ယုံကြည်မှုရှိကြောင်း ဖော်ပြခြင်းဖြစ်ပြီး သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအသစ် လျှောက်ထားမှုသည် (၂၁)သန်းအထိ ရှိလာခဲ့ရာ တစ်လလျှင် စီးပွားရေးလုပ်ငန်းအသစ် ပျမ်းမျှ (၄၄၀,၀၀၀) အထိ စံချိန်တင်များပြားခဲ့ပါသည်။ ယင်းပမာဏသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလမတိုင်မီ အခြေအနေထက် (၉၀) ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်ပါသည်။ သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက်၌ စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များသည် လုပ်ငန်းများစတင်လာခဲ့ကြပြီး အစိုးရသက်တမ်း (၄)နှစ်အတွင်း စီးပွားရေး လုပ်ငန်းအသစ် လျှောက်ထားမှုသည်လည်း စံချိန်တင် များပြားခဲ့သည်။ ဤသို့စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းများ များပြားလာခြင်းသည် မတည်ရင်းနှီးငွေရရှိရန် သိသာစွာတိုးချဲ့ဆောင်ရွက်ခဲ့ခြင်းနှင့် နိုင်ငံတစ်ဝှမ်း အသေးစားစီးပွားရေးလုပ်ငန်းများကို အကျိုးအမြတ်ရှိစေသည့် အခြေခံအဆောက်အအုံ၊ စက်မှုနှင့် သန့်စင်သောစွမ်းအင်အသုံးပြုမှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ခဲ့၍ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ်တွင် ဖက်ဒရယ်အစိုးရသည် ဖက်ဒရယ်အစိုးရ၏စီမံကိန်းများ ဆောင်ရွက်ရန် အသေးစားလုပ်ငန်းများအား အမေရိကန်ဒေါ်လာ (၁၃၈) ဘီလီယံနှင့် အကျိုးခံစားခွင့် နည်းသည့်လူမှုအသိုက်အဝန်းမှ အသေးစားလုပ်ငန်းများအား အမေရိကန်ဒေါ်လာ (၇၈) ဘီလီယံ အသီးသီး ထောက်ပံ့ပေးခြင်းကြောင့်ဖြစ်သည်ဟု အသေးစားစီးပွားရေးလုပ်ငန်းများအုပ်ချုပ်မှုဌာန (Small Business Administration, SBA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။ ဖက်ဒရယ် အစိုးရအနေဖြင့် အသေးစားလုပ်ငန်းများအား ထောက်ပံ့ရာတွင် အကျိုးခံစားခွင့်နည်းသည့် လူမှု အသိုက်အဝန်းမှ စီးပွားရေးငန်းများ၏ လုပ်ငန်းပိုင်ဆိုင်မှုနှင့် စီးပွားရေးလုပ်ငန်းအသစ် တည်ထောင်မှု တိုးတက်ခဲ့ပြီး လူမည်းအိမ်ထောင်စုများတွင် စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှု နှစ်ဆတိုးလာခဲ့ကာ Hispanic အိမ်ထောင်စုများတွင် နှစ်ပေါင်း (၃၀)အတွင်း စံချိန်တင်မြင့်တက်ခဲ့ပါသည်။ ထို့အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အသေးစားစီးပွားရေးလုပ်ငန်းများအား ထောက်ပံ့ပေးခြင်း၊ SBA မှ ချေးငွေရယူရာတွင် အထောက်အပံ့ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများအား ၎င်းတို့၏ လုပ်ငန်းအတွက် မတည်ရင်းနှီးငွေရရှိရန်၊ လုပ်ငန်းတိုးတက်ရန်နှင့် အဆင့်မြှင့်တင်ရန် လက်တွေ့ အသုံးချနိုင်သည့်အကူအညီများကို ပံ့ပိုးပေးခြင်းဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံခြင်း၊ ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေ (Inflation Reduction Act, IRA) အရ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် စရိတ်လျှော့ချပေးခြင်း၊ နိုင်ငံတစ်ဝှမ်း အသေးစား စီးပွားရေးလုပ်ငန်းများအတွက် မတည်ရင်းနှီးငွေရရှိစေရန် ပြည်နယ်အသေးစားစီးပွားရေးလုပ်ငန်း ချေးငွေအစီအစဉ်ကို တိုးချဲ့ဆောင်ရွက်ခဲ့ခြင်းနှင့် အသေးစားစီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ အစီအစဉ်ကို ပြောင်းလဲမှုများလုပ်ဆောင်ကာ တိုးချဲ့ဆောင်ရွက်ခြင်းတို့ဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများ တိုးတက်အောင် ပံ့ပိုးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက်တွင် စီးပွားရေးလုပ်ငန်းအသစ် လျှောက်ထားမှု (၂၁)သန်း အထိ ရှိလာ
Category:
USA