Germany

၂၀၂၄ ခုနှစ်တွင် ဂျာမန်စီးပွားရေး တစ်ဖန် ပြန်လည်ကျုံ့သွား

Last Updated:

၂၀၂၄ ခုနှစ်တွင် ဂျာမန်စီးပွားရေးသည် ၀.၂ ရာခိုင်နှုန်းကျုံ့သွားခဲ့ကြောင်း ၁၅-၁-၂၀၂၅ ရက်တွင် ထုတ်ပြန်ခဲ့သော ပဏာမကိန်းဂဏန်း အချက်အလက်များအရ သိရှိရပါသည်။ ၂၀၂၄ ခုနှစ်သည် ဂျီဒီပီ ဆက်တိုက် ကျဆင်းခဲ့သည့် ဒုတိယမြောက်နှစ်ဖြစ်ကြောင်းနှင့်  ဥရောပ၏ အကြီးဆုံး စီးပွားရေးဖြစ်သော ဂျာမနီသည် ၂၀၂၃ ခုနှစ်ကလည်း ၀.၃ ရာခိုင်နှုန်းကျုံ့ခဲ့ကြောင်း Federal Statistical Office(Destatis) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ဂျာမနီတွင် အစိုးရသစ် တစ်ရပ်ကို ရွေးချယ်တင်မြှောက်မည့် ရွေးကောက်ပွဲမကျင်းပမီ ရက်သတ္တပတ်များအလိုတွင် Destatis က အဆိုပါ ကိန်းဂဏန်းများကို ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်၏ စတုတ္ထသုံးလပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဂျာမန် စီးပွားရေးသည် ယခင်တတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ဂျာမနီသည် လွန်ခဲ့သည့်နှစ်များစွာအတွင်းကပင် လူနေမှုစရိတ် အကျပ်အတည်းနှင့် ရင်ဆိုင်နေခဲ့ ရပြီး ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ခဲ့ခြင်းကြောင့် စွမ်းအင်စျေးနှုန်းများ မြင့်တက် လာမှုနှင့်လည်း တစ်စိတ်တစ်ဒေသ ပတ်သက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

စျေးပေါသော ရုရှားဓာတ်ငွေ့များအတွက် ဂျာမနီသည် အဓိကဖောက်သည်တစ်ဦးဖြစ်ခဲ့ဖူးပြီး ရုရှားမှ စွမ်းအင်မရရှိတော့သည့်အချိန်တွင် ဂျာမနီသည် အခြားသော  စွမ်းအင်ရောင်းချပေးနိုင် သူများကို အားထည့် ရှာဖွေနေခဲ့ရပါသည်။ ရုရှား- ယူကရိန်းစစ်ပွဲအပြင် ရာသီဥတုပြောင်းလဲမှု နှင့် အခြားသော နိုင်ငံတကာမှ supply chain ကဏ္ဍများကလည်း ငွေကြေးဖောင်းပွမှုကို မြင့်မားစေခဲ့ပြီး၊ အိမ်ထောင်စုများအတွက် မရှိမဖြစ် လိုအပ်သောပစ္စည်းများနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၏ ဈေးနှုန်းများကိုပါ မြင့်တက်လာစေခဲ့ပါသည်။

ငွေကြေးဖောင်းပွမှုသည် ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခုဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်များ အတွင်းက ကုန်စျေးနှုန်းမြင့်မားခြင်းမရှိခဲ့ဖူးသော ဂျာမနီနိုင်ငံအပေါ် အထူးထိခိုက်စေခဲ့ပါသည်။
ဂျာမနီ၏ စီးပွားရေးသည် အစဉ်အလာအားဖြင့် ပို့ကုန်များအပေါ် အလေးထားသည်ဖြစ်ရာ ဂျာမန်ထုတ်ကုန်များအတွက် ဝယ်လိုအားကျဆင်းလာခြင်းသည်လည်း အရေးကြီးသောအခန်း ကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ပါသည်။ သာဓကအားဖြင့် တရုတ်နိုင်ငံမှ လျှပ်စစ်ကားများ အများအပြား ထုတ်လုပ်လာခြင်းသည် ဂျာမန်ကားများအပေါ် ဝယ်လိုအားကို ကျဆင်းထိခိုက်စေခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျာမနီသည် ၎င်း၏ သက်တမ်းရင့် အခြေခံအဆောက်အအုံများနှင့် စက်မှုလုပ်ငန်းနှင့် နည်းပညာ တွင် ယှဉ်ပြိုင်နိုင်စွမ်းအနည်းငယ် နောက်ကျကျန်နေခဲ့သဖြင့် သင့်လျော်သော ဘတ်ဂျက်ဖြင့် ၎င်း၏ စီးပွားရေးသမိုင်းအစဉ်အလာကို ဟန်ချက်ညီညီ ပြန်လည်ထိန်းသိမ်းနိုင်ရန် ရုန်းကန်နေရ ကြောင်း ဖော်ပြထားပါသည်။

အစိုးရတစ်ရပ်အနေဖြင့် ထမ်းဆောင်ခွင့်ရှိနိုင်သည့် ကြွေးမြီပမာဏကို ထိန်းချုပ်ထားသည့် Debt Brake နှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများပေါ်ပေါက်ကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ဝန်ကြီးချုပ် Mr. Olaf Scholz ၏ ညွန့်ပေါင်းအစိုးရ ပြိုလဲသွားခဲ့ပြီး လျှပ်တပြက်ရွေးကောက်ပွဲများကို ကျင်းပရသည်အထိ ဖြစ်စေခဲ့ကြောင်း ဖော်ပြထားပါသည်။

Mr.Scholz က ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner အား ရာထူးမှ နုတ်ထွက်စေခဲ့ပြီး နောက် ညွန့်ပေါင်းအစိုးရ ပြိုလဲသွားခဲ့သည်။ Linder နှင့် ၎င်း၏ Free Democrats (FDP) သည် ညွန့်ပေါင်းအစိုးရတွင် အင်အားနည်းပါတီဖြစ်သော်လည်း ချေးငွေနှင့် အသုံးစရိတ်များ ပိုမိုရရှိစေ ရေးအတွက် Debt Brake ကိုပြောင်းလဲရန် အစိုးရအဖွဲ့၏ ကြိုးစားမှုကို ငြင်းဆန်ခဲ့ပြီး ညွန့်ပေါင်း အဖွဲ့မှ နုတ်ထွက်သွားခဲ့ကြောင်း ဖော်ပြချက်အရ သိရှိရပါသည်။

 

Source:         https://www.dw.com/en/german-economy-shrank-once-again-in-2024/a-71296048

စီးပွားရေးသံမှူး၊ ဘာလင်

Category: Germany