Vietnam

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံအထိရှိလာနိုင်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်တန်ဖိုးသည် ယခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံရှိလာနိုင်ပြီး ၂၀၂၂ ခုနှစ်က စံချိန်တင်ခဲ့သည့် အမေရိကန်ဒေါ်လာ ၇၃၂ ဘီလီယံ ကျော်လွန်သွားဖွယ်ရှိကြောင်း စီးပွားရေးပညာရှင် Dinh Trung Thinh က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်၊ EU ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကဲ့သို့ အဓိကဈေးကွက်များနှင့် ကုန်သွယ်မှု တွင် အပြုသဘောဆောင်သည့် ရလဒ်များစွာရရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း Thinh က ၎င်း၏ ခန့်မှန်းချက်ကို ပြောကြားခဲ့သည်။

ထို့အပြင် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTAs) များမှ ရရှိမည့် အခွင့် အလမ်းများကို အသုံးပြု၍ ယခုနှစ်စတုတ္ထ ၃ လပတ်တွင် ပို့ကုန်တိုးတက်မှုမြှင့်တင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက Baocongthuong.vn သို့ ပြောကြားခဲ့ပါသည်။

အဓိကပွဲတော်များကြောင့် စတုတ္ထ ၃ လပတ်တွင် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်များ အထူးသဖြင့် အထည်အလိပ်နှင့် အဝတ်အထည်၊ ဖိနပ်၊ အီလက်ထရွန်းနစ်၊ စိုက်ပျိုးရေး သစ်တော နှင့် ငါးဖမ်လုပ်ငန်းတို့တွင် ဝယ်လိုအားတိုးလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်အထည်အလိပ်နှင့် အထည်အလိပ်အသင်း (VITAS) ဥက္ကဋ္ဌ Vu Duc Giang က အထည်ချုပ်နှင့် အထည်အလိပ်တင်ပို့မှုသည် ယခုနှစ်လက်ကျန်လများအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရရှိမည်ဟု မျှော်လင့်ထားပြီး တစ်နှစ်စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံကျော်ရရှိရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အသင်း (Vinafruit) ၏ အထွေထွေ အတွင်းရေးမှူး Dang Phuc Nguyen က တရုတ်၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့ ကဲ့သို့သော အဓိကဈေးကွက်များ ကြီးထွားလာမှုကြောင့် ယခုနှစ်တွင် သစ်သီးဝလံပန်းမန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံအထိ စံချိန်သစ်တင် ရောက်ရှိနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ ကြောင်း ဖော်ပြထားပါသည်။

အထွေထွေစာရင်းအင်းရုံး (GSO) ၏ အဆိုအရ နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၉ လ အတွင်း ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၉၉.၆၃ ဘီလီယံရှိကြောင်း၊ ကုန်စည်အုပ်စု ၇ ခုမှ တစ်ခုစီ၏ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိကြောင်း သိရှိရပါသည်။

အဆိုပါကုန်စည်များတွင် စက်ယန္တရားများ၊ စက်ကိရိယာများ၊ ကိရိယာများ၊ အပိုပစ္စည်းများ၊ ဖုန်းနှင့် အစိတ်အပိုင်းများ၊ ကွန်ပျူတာများ၊ အီလက်ထရွန်နစ်ထုတ်ကုန်များနှင့် အစိတ်အပိုင်းများ၊ ဖိနပ်များ၊ အဝတ်အထည်များ၊ သစ်သားနှင့် ပရိဘောဂပစ္စည်းများ၊ သယ်ယူ ပို့ဆောင်ရေးယာဉ်များနှင့် အပိုပစ္စည်းများပါဝင်ကြောင်း ရေးသားဖော်ပြထားပါသည်။

အမေရိကန်သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပို့ကုန်ဈေးကွက်တွင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၉၀ ဘီလီယံနီးပါးဖြင့် ဆက်လက်ရပ်တည်နေပြီး ဗီယက်နမ်သည် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၇၈.၅ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။

အဆိုပါကာလအတွင်း သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၇၉ ဘီလီယံကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၇ ရာခိုင်နှုန်းတိုးလာကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ အမေရိကန် ဒေါ်လာ ၁၇၈ ဘီလီယံဝင်ရောက်ခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုအနေဖြင့် ကုန်ပစ္စည်း အမျိုး အစား ၄၀ တွင် တစ်ခုချင်းစီ၏ တင်သွင်းမှုတန်ဖိုးမှာ ၁ ဘီလီယံကျော်ရှိပြီး စုစုပေါင်း သွင်းကုန် တန်ဖိုး၏ ၉၁.၅ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံအတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံဖြင့် အကြီးမားဆုံးတင်သွင်းသူဖြစ်ပြီး ဗီယက်နမ်အတွက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၆၁ ဘီလီယံကျော်ရှိခဲ့ကြောင်း၊ ဗီယက်နမ်သည် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၀.၇၉ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလတွင် မှတ်တမ်းတင် ထားသောကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂၂.၁ ဘီလီယံထက် လျော့နည်းလျက်ရှိကြောင်း ဖော်ပြ ထားပါသည်။

စက်မှုနှင့်ကုန်သွယ်မှုဝန်ကြီးဌာနက ဗီယက်နမ်နိုင်ငံနှင့် FTAs ရရှိပြီးဖြစ်သည့် အဓိက ဈေးကွက်များနှင့် ကုန်သွယ်မှုအားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စေ့စပ်ညှိနှိုင်းမှုများ၊ FTA များကို လက်မှတ်ရေးထိုးခြင်းနှင့် အတည်ပြုခြင်း တို့ကို အရှိန်မြှင့်ကာ ဆောင်ရွက်လျက်ရှိပြီး အစ္စရေးနှင့် ယူအေအီး စသည့် ဈေးကွက်များနှင့် ကုန်သွယ်မှုချိတ်ဆက်မှုများဆောင်ရွက်ကာ ထောက်ပံ့ရေးကွင်းဆက်များ ကွဲပြားစေရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam News

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam