Thailand

ထိုင်းနိုင်ငံ၏ ပုစွန်ကဏ္ဍသည် ရောဂါဖြစ်ပွားမှုနှင့် ဈေးနှုန်းကျဆင်းမှုတို့ကြောင့် ထုတ်လုပ်မှုကျဆင်း နိုင်

Last Updated:

ထိုင်းနိုင်ငံ၏ ပုစွန်ကဏ္ဍသည် ရောဂါဖြစ်ပွားမှုနှင့် ဈေးနှုန်းကျဆင်းမှုတို့ကြောင့် ထုတ်လုပ်မှု သည် တစ်နှစ်ထက်တစ်နှစ် ၄ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ထိုင်းပုစွန်အသင်းက ပြောကြားချက်အရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ပုစွန်ထုတ်လုပ်မှုသည် တန်ချိန် ၂၈၀,၀၀၀ ရှိခဲ့သော်လည်း ယခုနှစ်အတွက် ပုစွန်ထုတ်လုပ်မှုသည် တန်ချိန် ၂၇၀,၀၀၀ သို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားပါကြောင်း၊ ကျဆင်းရ ခြင်းမှာ ရောဂါဖြစ်ပွားခြင်းနှင့် ပုစွန်သားပေါက်များ၏ အရည်အသွေးနှင့် မွေးမြူသည့် အခြေအနေများ ကို ထိခိုက်နိုင်သည့် မတည်ငြိမ်သည့် ရာသီဥတုအခြေအနေများကြောင့် ဖြစ်ကြောင်း၊ ဈေးနှုန်း ကျဆင်း ခဲ့ခြင်းကလည်း တောင်သူအချို့၏ အသစ်မွေးမြူမည့် အခြေအနေကို ရွှေ့ဆိုင်းမှု ဖြစ်စေပါကြောင်း၊ စိန်ခေါ်မှုများကို တုန့်ပြန်သည့်အနေဖြင့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် ပင်လယ်ပုစွန် ကဏ္ဍပြဿနာများကို အမျိုးသားရေးအစီအစဉ်တွင် ထည့်သွင်းဆောင်ရွက်သင့်ကြောင်း၊ အဓိက စိုးရိမ် ရသည်မှာ ရှည်ကြာနေပြီဖြစ်သော early mortality syndrome (EMS) ဖြစ်ပြီး ယင်းသည် ၁၁ နှစ်ကြာ တောင်သူများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး တောင်သူများတစ်ဦးတည်း  ဖြေရှင်းနိုင်သည်ထက်ကျော် လွန်နေပါကြောင်း အသင်း ဥက္ကဋ္ဌ  Mr. Ekapoj Yodpinit က သုံးသပ်ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ရောဂါပြဿနာကို ၃ နှစ်အတွင်း ဖြေရှင်းရန် ထိရောက်သော အစီအမံများ အသုံးပြုစေလိုကြောင်း၊ အောင်မြင်သော ဆောင်ရွက်ချက်များဖြစ်ပါက တောင်သူများ၏ ထုတ်လုပ်မှု ပန်းတိုင်များကိုလည်း ရောက်ရှိပြီး အရည်အသွေးမြင့် အစားအစာများ ဈေးကွက်အတွင်းသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း၊ ပုစွန်ကဏ္ဍစိန်ခေါ်မှုများကို ဖြေရှင်းရန် အစိုးရအနေဖြင့် ဘတ် ၂ ဘီလီယံ လျာထားစေလိုကြောင်း၊ သို့မှသာ ဆုံးရှုံးမှုတန်ဖိုး ဘတ် ၆၀၀ သန်းကို ကာမိစေမည်ဖြစ်ပြီး ပုစွန်ထုတ် လုပ်မှုကို ၃ နှစ်အတွင်း တန်ချိန် ၄၀၀,၀၀၀ သို့ ရောက်ရှိစေမည်ဖြစ်ကြောင်း၊ နိုင်ငံအထက်ပိုင်းမှ ပုစွန် ၃၇ ရာခိုင်နှုန်း၊ အောက်ပိုင်းမှ (အက်ဒမန်ပင်လယ်) မှ ၂၃ ရာခိုင်နှုန်း၊ အရှေ့ပိုင်းမှ ၂၀ ရာခိုင်နှုန်း၊ အလယ်ပိုင်းမှ ၁၀ ရာခိုင်နှုန်းနှင့် တောင်ပိုင်းအောက်ဖက်ဒေသများ (ပင်လယ်ကွေ့) မှ ၁၀ ရာခိုင်နှုန်း အသီးသီးထုတ်လုပ်လျက်ရှိကြောင်း Mr. Ekapoj က ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့ပုစွန်ထုတ်လုပ်မှုသည်လည်း တန်ချိန် ၅.၀၄ သန်းဖြင့် ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ အဓိက ထုတ်လုပ်သူများဖြစ်သည့် တရုတ်၊ အီကွေဒေါ၊ အိန္ဒိယနှင့် ဗီယက်နမ်တို့ကလည်း ပုစွန်ထုတ် လုပ်မှုကျဆင်းကြောင်း ထုတ်ပြန်ထားခဲ့ပါကြောင်း၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ထိုင်းနိုင်ငံ သည် ပုစွန် ၁၀၉,၀၄၈ တန် တင်ပို့ခဲ့ပြီး ဘတ် ၃၄ ဘီလီယံရရှိထားပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ပုစွန် တန်ချိန် ၁၂၀,၀၀၀ မှ ၁၃၀,၀၀၀ ကြား တင်ပို့ရန် မှန်းထားသော်လည်း EMS ဆက်လက်တည်ရှိနေပါက ၂၀၂၅ ခုနှစ်တွင် ပို့ကုန်သည် ပမာဏသာမက တန်ဖိုးပါ ကျဆင်းနိုင်ကြောင်း အသင်းက မှတ်ချက် ပြုထားပါသည်။

ထိုင်းပုစွန်၏ အဓိက ဈေးကွက်များမှာ ဂျပန်၊ အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့ဖြစ်ပါကြောင်း၊ အီကွေဒေါသည် ကမ္ဘာ့အကြီးဆုံး ပုစွန်ထုတ်လုပ်သူဖြစ်ပြီး ထိုင်းပို့ကုန်၏ ပြိုင်ဘက်ဖြစ်ပါကြောင်း၊ အီကွေဒေါသည် ပုစွန်တန်ချိန် ၁.၃ သန်းမှ ၁.၄ သန်းကြား နှစ်စဉ်ထုတ်လုပ် လျက်ရှိပြီး GDP ၏ ၂၀ ရာခိုင်နှုန်းဖြစ်ပါကြောင်း Mr. Ekapoj က ပြောကြားထားပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand