China (Kunming)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့

Last Updated:

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးသည် ကမ္ဘာ့ကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် ၎င်း၏ ထိပ်ဆုံး နေရာဖြင့် ထပ်မံပေါင်းစည်းလိုက်ခြင်းကြောင့် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် စုစုပေါင်းတန်ဖိုးပမာဏ၌ စံချိန်တင်မြင့်မားခဲ့သည်။ တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်ပစ္စည်း တင်သွင်းမှုနှင့် တင်ပို့မှုတွင် ယွမ်ငွေ စုစုပေါင်း ၄၃ ဒသမ ၈၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ထရီလီယံခန့်) ရှိပြီး ယခင်၂၀၂၃ ခုနှစ်ထက် ၅ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်ရေး အဖွဲ့ (GAC) ၏ အချက်အလက်များအရ သိရသည်။

ပို့ကုန်အနေဖြင့် ယွမ်ငွေ ၂၅ ဒသမ ၄၅ ထရီလီယံဖြင့် တစ်နှစ်ထက်တစ်နှစ် ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး သွင်းကုန်တွင် ယခင်နှစ်ထက် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးလာကာ ယွမ်ငွေ ၁၈ ဒသမ ၃၉ ထရီလီယံအထိ တိုးလာကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။

(၁၃-၁-၂၀၂၅) ရက်နေ့ ပေဂျင်းမြို့တွင် ကျင်းပခဲ့သည့် အစိုးရသတင်းစာရှင်းလင်းပွဲတစ်ခု၌ GAC လက်ထောက်အကြီးအကဲ Wang Lingjun က တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံများကြား အတန်သင့် မြန်ဆန်လာကြောင်း၊ နိုင်ငံ၏ ပြည်ပ ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်ကို အောင်မြင်စွာ ဖြတ်ကျော်လာနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၏ သွင်းကုန်နှင့် ပို့ကုန်ဆိုင်ရာ အချက်အလက်များအရ ယွမ် ၄  ထရီလီယံကျော် စံချိန်တင် မြင့်မားခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တွေ့ရသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် စတုတ္ထသုံးလပတ်တွင် ယွမ် ၁၁ ဒသမ ၅၁ ထရီလီယံ အထိ မြင့်တက်ခဲ့ပြီး သုံးလအတွင်း တိုးတက်မှုနှုန်းသည် တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၄ ရာခိုင်နှုန်းအထိ မြန်ဆန်လာကြောင်း တွေ့ရသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်သုံးလပတ် ကမ္ဘာ့ ပို့ကုန်၊ သွင်းကုန် စုစုပေါင်း၏ ၁၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၀ ဒသမ ၅ ရာခိုင်နှုန်းတို့နှင့်အတူ ကမ္ဘာ့အကြီးဆုံး ကုန်စည် ကုန်သွယ်မှုအဆင့်ကို ပိုမိုခိုင်မာလာစေခဲ့ကြောင်း တွေ့ရသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၌ အောင်မြင်မှုသည် ၂၀၂၄ ခုနှစ်တွင် လွယ်ကူစွာ ရရှိခဲ့ခြင်း မဟုတ်ကြောင်း၊ ဗဟိုအာဏာပိုင်များ၏ အချိန်မီ တိုးမြင့်လာသည့် မူဝါဒများအပြင် နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်စေရန် ရည်ရွယ်သည့် အစီအမံများကြောင့် ဖြစ်ကြောင်း၊ အကောက်ခွန်အာဏာပိုင်များ အနေဖြင့် ဆိပ်ကမ်းများ၌ စီးပွားရေးပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန်နှင့် အကောက်ခွန် ရှင်းလင်းခြင်းလုပ်ငန်းများ လွယ်ကူချောမွေ့စေရန် အစီအမံ ၁၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း Wang က ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက် အထူးဆောင်ရွက်ချက်များကို မြို့ကြီး ၂၀ ခု တွင် စတင်ခဲ့ပြီး စျေးကွက်စီပွားရေးစနစ်၊ ဥပဒေအခြေခံမှုနှင့် နိုင်ငံတကာအဆင့်မီ ပထမတန်းစား နယ်စပ်ဂိတ် စီးပွားရေးပတ်ဝန်းကျင် တို့ကို ဖော်ဆောင်နိုင်ရန်လည်း ဆောင်ရွက်ခဲ့သည်။

 

အဆင့်မြှင့်သော ပို့ကုန်များနှင့် ဖွံ့ဖြိုးလာသော သွင်းကုန်များ

တရုတ်နိုင်ငံအနေဖြင့် ပို့ကုန်၊ သွင်းကုန် ကုန်ပစ္စည်းများ၏ အခြေအနေကို ယခင်နှစ်ထက် စဉ်ဆက် မပြတ် ပိုမိုကောင်းမွန်စေရန်နှင့် ပိုမိုမြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည်။ နည်းပညာမြှင့် ထုတ်ကုန်များ တိုးတက်မှု ကိန်းဂဏန်း ကောင်းမွန်လာကြောင်းနှင့် နယ်စပ်ဖြတ်ကျော် e-commerce ကဲ့သို့သော ကုန်သွယ်မှု အမျိုးအစားသစ်များ၌ အရှိန်အဟုန်တစ်ခု ရရှိလာကြောင်း တွေ့ရသည်။

၂၀၂၄ ခုနှစ်တွင် စက်ယန္တရား တင်ပို့မှုအနေဖြင့် ၈ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ပိုကုန် စုစုပေါင်း၏ ၅၉ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်။ တရုတ်နိုင်ငံ၏ လျှပ်စစ်ကားများ၊ 3D ပရင်တာများနှင့် စက်ရုပ်များကဲ့သို့သော နည်းပညာမြင့်ထုတ်ကုန်များ တင်ပို့မှုသည် လျင်မြန်စွာ တိုးတက်လာသည်ကို တွေ့ရှိရသည်။ နယ်စပ်ဖြတ်ကျော် e-commerce တင်သွင်းမှုနှင့် ပို့ကုန်များ၏ နှစ်စဉ်တန်ဖိုးသည် ယွမ် ၂ ဒသမ ၆၃ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယွမ် ၁ ထရီလီယံ တိုးလာကြောင်း ကိန်းဂဏန်းအချက်အလက်များအရ တွေ့ရသည်။

အလားတူ တရုတ်နိုင်ငံသည် အစိမ်းရောင်ကုန်သွယ်မှု (green trade) တွင် ရှေ့တန်း၌ ရှိနေပြီး အစိမ်းရောင်ထုက်ကုန်များ ကုန်သွယ်မှု (green products trade) သည် ရာသီဥတုပြောင်းလဲမှုနှင့် ၂၀၂၄ ခုနှစ် အစိမ်းရောင်နှင့် ကာဗွန်နည်းသော အသွင်ကူးပြောင်းမှု (low-carbon transition) ကို ကမ္ဘာလုံး ဆိုင်ရာတုံ့ပြန်မှုတွင် သိသာထင်ရှားသော ပံ့ပိုးကူညီမှုတစ်ခု ဖြစ်ခဲ့ကြောင်း GAC ၏ စာရင်းအင်းနှင့် စိစစ်ရေးဌာန၊ ဒါရိုက်တာ Lyu Daliang က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လေအားနှင့် နေရောင်ခြည်စွမ်အင်သုံး စက်ကိရိယာများ အပါအဝင် စိမ်းလန်း သော စွမ်းအင်တင်ပို့မှု (green energy exports) ၌ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ စိမ်းလန်း သောသယ်ယူပို့ဆောင်ရေးနယ်ပယ်တွင် လျှပ်စစ်မီးရထား စက်ခေါင်းများ၏ ပို့ကုန်ပမာဏသည် ငါးနှစ် ဆက်တိုက် တိုးတက်လာခဲ့ပြီး လျှပ်စစ်ဆိုင်ကယ်နှင့် လျှပ်စစ်စက်ဘီးများ၏ ပို့ကုန်တန်ဖိုးသည် ပထမဆုံး အကြိမ်အဖြစ် ယွမ် ၄၀ ဘီလီယံကျော် ရှိလာခဲ့သည်။ လျှပ်စစ်မော်တော်ယာဉ် တင်ပို့မှုအနေဖြင့် အစီး ရေ ၂ သန်းကျော် ရှိခဲ့သည်။

သွင်းကုန်ကဏ္ဍနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ တိုးမြှင့်တင်သွင်းမှုသည် ကုန်သွယ်ဖက်နိုင်ငံများ အတွက် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားဖြစ်စေခဲ့ကြောင်း Lyu က ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အီလက်ထရွန်နစ် အစိတ်အပိုင်းများ (electronic components) ၊ semiconductor ထုတ် လုပ်သည့် စက်ကိရိယာများနှင့် ကွန်ပျူတာ အစိတ်အပိုင်းများ တင်သွင်းမှုသည် ၁၀ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၁ ရာခိုင်နှုန်းနှင့် ၆၂ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး တိုးလာကြောင်း ကိန်းဂဏန်းအချက်အလက်များအရ တွေ့ရသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ လူသုံးကုန် စျေးကွက်သည် တဖြည်းဖြည်း ကြီးထွားလာပြီး လူသုံးကုန်ပစ္စည်း အများအပြား တင်သွင်းရန် လိုအပ်ချက်မှာ အတန်သင့် အားကောင်းနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် အဝတ်အထည်၊ သစ်သီးဝလံနှင့် ဝိုင်တင်သွင်းမှုသည် ၅ ဒသမ ၆ ရာခိုင်နှုန်း၊ ၈ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၃၈ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း တွေ့ရသည်။

ပို့ကုန်နှင့် နှိုင်းယှဉ်ပါက သွင်းကုန် တိုးတက်မှုနှုန်း နှေးကွေးရခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သွင်းကုန် ဈေးနှုန်းများ ကျဆင်းမှုကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် တင်သွင်းလာသည့် ရေနံစိမ်းနှင့် သံရိုင်း ဈေးနှုန်းများသည် ၉ ရာခိုင်နှုန်းနှင့် ၁၆ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သဖြင့် သွင်းကုန် တိုးတက်မှုနှုန်းကို အဟန့်အတားတစ်ခု ဖြစ်စေခဲ့သည်။

အချို့သော နိုင်ငံများအနေဖြင့် စီးပွားရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ ပြဿနာများကို နိုင်ငံရေးအရ အသုံးချပြီး ပို့ကုန်ထိန်းချုပ်ရေး အစီအမံများအား အလွဲသုံးစားလုပ်ဆောင်ကြကြောင်း၊ တရုတ်နိုင်ငံသို့ အချို့သော ကုန်ပစ္စည်း တင်ပို့မှုကို တရားမျှတမှု မရှိစွာ ကန့်သတ်ထားကြောင်း၊ ယင်းသို့မပြုလုပ်ပါက တရုတ်နိုင်ငံအနေဖြင့် တင်သွင်းမှု ပိုမိုဆောင်ရွက်လာနိုင်ကြောင်း Lyu က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအားလုံးအတွက် အခွန်စည်းကြပ်မှု ၁၀၀ ရာခိုင်နှုန်းကို အကောက်ခွန်မဲ့ ဆောင်ရွက်ခွင့် ပြုခဲ့ပြီး အဆိုပါလတွင် သက်ဆိုင်ရာနိုင်ငံများမှ တင်သွင်းမှုပမာဏသည် ၁၈ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တွေ့ရှိရသည်။

တရုတ်နိုင်ငံ၏ မိမိဆန္ဒအရ တစ်ဖက်သတ် ဖွင့်လှစ်မှု (voluntary and unilateral opening up) ကို စည်းစနစ်တကျ ချဲ့ထွင်ခြင်း (orderly expansion) နှင့် ၎င်း၏ ကျယ်ပြန့်သော စျေးကွက်အလားအလာ တို့သည် တရုတ် ဈေးကွက်ကို တစ်ကမ္ဘာလုံး မျှဝေရန် အခွင့်အလမ်းများ ပိုမိုပေးစွမ်းနိုင်ကြောင်း Lyu က ပြောကြားခဲ့သည်။

 

မိတ်ဆွေအသိုင်းအဝိုင်း တိုးချဲ့ခြင်း (BROADENING "FRIENDS CIRCLE")

တရုတ်နိုင်ငံသည် နိုင်ငံနှင့် ဒေသပေါင်း ၁၅၀ ကျော်၏ အဓိကကုန်သွယ်ဖက် ဖြစ်လာပြီးနောက် နိုင်ငံခြားကုန်သွယ်မှုတွင် နိုင်ငံ၏ မိတ်ဆွေအသိုင်းအဝိုင်းသည်လည်း ပို၍ကြီးမားလာသည်။ တရုတ်နိုင်ငံ သို့ ပို့ကုန်တင်ပို့သည့် နိုင်ငံများနှင့် ဒေသများသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်တွင် လေးခု တိုးလာပြီး တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့နိုင်မှုတွင် ၁ ခုသာ တိုးလာကြောင်း တရားဝင် ဖော်ပြထားသည်။

ပထမအကြိမ်အဖြစ် Belt and Road Initiative (BRI) အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကျော်ရှိလာခဲ့ပြီး ကိန်းဂဏန်း အချက်အလက်များအရ ၅၀ ဒသမ ၃ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံ၏ ထုတ်ကုန်များသည် သက်ဆိုင်ရာနိုင်ငံများ၏ ထုတ်လုပ်မှုနှင့် စားသုံးမှု လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးလျက်ရှိပြီး အဆိုပါနိုင်ငံများမှ အရည်အသွေးမြင့် ထုတ်ကုန်များသည် တရုတ်ဈေးကွက် သို့ စဉ်ဆက်မပြတ် ဝင်ရောက်လာခဲ့သည်။

အကောက်ခွန်အချက်အလက်များအရ တရုတ်နိုင်ငံအနေဖြင့် Belt and Road Initiative အဖွဲ့ဝင် နိုင်ငံများမှ ကုန်ပစ္စည်း တန်ဖိုး ယွမ် ၉ ဒသမ ၈၆ ထရီလီယံ တင်သွင်းနိုင်ခဲ့ပြီး ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ယင်းသည် နိုင်ငံ၏ စုစုပေါင်းသွင်းကုန်တန်ဖိုး၏ ၅၃ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်။

တရုတ်နိုင်ငံသည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု (East Asia cooperation) နှင့် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှု (regional economic integration) တို့ကို စဉ်ဆက်မပြတ် မြှင့်တင်ပြီး အရှေ့ တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နှင့် စက်မှုကွင်းဆက် ပူးပေါင်းဆောင်ရွက်မှု (industrial chain cooperation) ကို အားကောင်းလာစေခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နှင့် အာဆီယံတို့သည် ငါးနှစ် ဆက်တိုက် အကြီးဆုံးကုန်သွယ်ဖက်များ ဖြစ်လာခဲ့သည်။

အခြား BRICS အဖွဲ့ဝင် နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများသို့ တရုတ်နိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန် ပမာဏသည် ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် လက်တင်အမေရိက၊ အာဖရိက၊ ဗဟိုအာရှနိုင်ငံများ၊ ဗဟိုနှင့် အရှေ့ ဥရောပနိုင်ငံများနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၌ အားကောင်းလာခဲ့သည်။

အလားတူ အီးယူ (EU)နှင့် အမေရိကန်အပါအဝင် ပုံမှန်ဈေးကွက်များ (traditional markets) နှင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ပိုမိုတိုးတက်လာခဲ့သည်။ အီးယူသည် တရုတ် နိုင်ငံ၏ လူသုံးကုန်ပစ္စည်းများ တင်သွင်းမှုတွင် အဓိကအရင်းအမြစ်တစ်ခု ဖြစ်ခဲ့သည်။

နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းများအနေဖြင့် ၂၀၂၅ ခုနှစ် အတွင်း ကမ္ဘာ့ကုန်စည်ကုန်သွယ်မှု ဆက်လက်တိုးလာမည်ဟု ခန့်မှန်းထားသည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ပံ့ပိုးပေးသည့် အချက်များသည် ၂၀၂၅ ခုနှစ်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း GAC လက်ထောက်အကြီးအကဲ Wang က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ပို့ကုန်လမ်းကြောင်းနှင့် ပတ်သက်၍ ပြင်ပပတ်ဝန်းကျင်နှင့် မသေချာမရေရာမှုများ၏ စိန်ခေါ်မှုများ တိုးလာနေသော်လည်း တရုတ်နိုင်ငံ၏ ပို့ကုန်များသည် ၎င်း၏ များစွာသော ထုတ်ကုန်များ၊ မျှတ၍ ကွဲပြားသော စျေးကွက်များနှင့် လိုက်လျောညီထွေရှိမှုနှင့် ခံနိုင်ရည်ရှိမှု တို့ကို ဆက်လက်ပြသ သွားမည်ဖြစ်ကြောင်း တွေ့ရှိရသည်။

 

အရင်းအမြစ်။ http://en.people.cn/n3/2025/0114/c90000-20265790.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)