ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြားတွင် ဝင်ငွေခွန်နှုန်းထားများ တိုးမြင့်ကောက်ခံ နေသော်လည်း ဗီယက်နမ်နိုင်ငံတွင် ကော်ပိုရိတ်ဝင်ငွေခွန် (CIT) နှုန်းနိမ့်များကို ကောက်ခံခြင်းဖြင့် စီးပွားရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် Ho Duc Phoc က နိုဝင်ဘာ ၂၈ ရက်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေး ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
လက်ရှိ ဝင်ငွေခွန်ဥပဒေတွင် ဗီယက်နမ်ဒေါင် ၃ ဘီလီယံအောက် ဝင်ငွေရရှိသော စီးပွားရေး လုပ်ငန်းများအတွက် ၁၅ ရာခိုင်နှုန်းကောက်ခံပြီး၊ ဗီယက်နမ်ဒေါင် ၃ ဘီလီယံနှင့် ၅၀ ဘီလီယံ ကြားရှိသော လုပ်ငန်းများအတွက် ၁၇ ရာခိုင်နှုန်းကောက်ခံလျက်ရှိကြောင်းနှင့် စံသတ်မှတ်သည့် နှုန်းထားမှာ ၂၀ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၇ ရာခိုင်နှုန်းဖြစ်သည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) များအပေါ် ဝင်ငွေခွန်နှုန်းထား အကျိုးသက်ရောက်မှု နှင့်ပတ်သက်၍ လွှတ်တော်အမတ်အချို့က စိုးရိမ်ပူပန်မှုများရှိလာခဲ့ကြောင်း၊ ဟိုချီမင်းမြို့မှ လက်ထောက်ဖြစ်သူ Nguyen Thi Le က ဝင်ငွေခွန်နှုန်းထားသည် အခြားအာဆီယံ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြင့်မားလျက်ရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်အတွက် ၁၉ ရာခိုင်နှုန်းသို့ လျှော့ချရန် အဆိုပြုခဲ့ကြောင်း ဖော်ပြထားပါသည်။
Dong Thap ပြည်နယ်မှ ဒုတိယအကြီးအကဲဖြစ်သူ Pham Van Hoa က ပြည်တွင်း စီးပွားရေးလုပ်ငန်းများအတွင်း မျှတမှုရှိစေရန်အတွက် ဒစ်ဂျစ်တယ်ပလက်ဖောင်းများဖြင့် ဆောင်ရွက်လျက်ရှိသည့် e-commerce စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း ဝင်ငွေခွန် စည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
ဒုတိယ၀န်ကြီးချုပ် Phoc က အဆိုပါစိုးရိမ်မှုများကို အသိအမှတ်ပြုခဲ့ပြီး အခွန်စနစ် တစ်ခု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ကြောင်း၊ အခြားနိုင်ငံများတွင် ဘဏ္ဍာရေးမူဝါဒများ တင်းကြပ်ပြီး အခွန်များ တိုးမြင့်ကောက်ခံနေချိန်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ဦးမော့လာစေရန်အတွက် ဘဏ္ဍာရေးမူဝါဒများကို ဆက်လက်လုပ်ဆောင် နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ၏ ကော်ပိုရိတ်ဝင်ငွေခွန်နှုန်းထားများသည် အခြားအရှေ့တောင် အာရှနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိကြောင်း၊ ဖိလစ်ပိုင်တွင် ၃၀ ရာခိုင်နှုန်းနှင့် မလေးရှားတွင် ၂၄ ရာခိုင်နှုန်း ကောက်ခံလျက်ရှိကြောင်း ကိုးကား၍ ပြောကြားခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ဝင်ငွေရရှိသော နိုင်ငံခြားကုမ္ပဏီများ အပါအဝင် စီးပွားရေးလုပ်ငန်းအားလုံးသည် အခွန်ပေး ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
ဒုတိယဝန်ကြီးချုပ် Phoc က ဝင်ငွေခွန်နှုန်းထား (Tiered tax rates) များအတွက် ဝင်ငွေ သတ်မှတ်ချက် ချိန်ညှိရန်အဆိုပြုခဲ့ပြီး ၎င်းသည် ပြောင်းလဲလာသော စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေရှိမည့် အခွန်စနစ်တစ်ခုကို ဖန်တီးသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု ဖော်ပြထားပါသည်။
Source: The Saigon Times
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)