Vietnam

ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုသည် ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံသည် အောက်တိုဘာလအတွင်း ငရုတ်ကောင်း ၁၈,၄၁၅ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၀.၆ သန်းရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

၎င်းသည် တစ်နှစ်ထက်တစ်နှစ် ပမာဏအားဖြင့် ၇.၇ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၉.၁ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားပါသည်။ ယခုနှစ် ၁၀ လတာအတွင်း ဗီယက်နမ်နိုင်ငံမှ ငရုတ်ကောင်း တင်ပို့မှု စုစုပေါင်း တန်ချိန် ၂၁၈,၇၃၂ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၁၁ ဘီလီယံ ရှိကြောင်း သိရှိရပါသည်။

ဆယ်စုနှစ်တစ်ခုအတွင်း ငရုတ်ကောင်းတင်ပို့မှု စံချိန်ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်တက်ကာ ၂၀၂၄ ခုနှစ်တွင် စံချိန်တင် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံအထိ ရောက်ရှိ မည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။ ပို့ကုန်ဝင်ငွေ သိသိသာသာ တိုးလာခြင်းသည် ၁၀ လ အတွင်း ပို့ကုန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅,၀၇၇ သို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သောကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်သည် အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်ပြီး ပို့ကုန်ပမာဏ၏ ၂၉.၃ ရာခိုင်နှုန်းနှင့် ဝင်ငွေ၏ ၃၀.၄ ရာခိုင်နှုန်းရှိကြောင်း၊ အမေရိကန်နိုင်ငံသို့ တင်ပို့မှုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၃၇.၈ သန်းရှိပြီး ပမာဏအားဖြင့် ၄၈ ရာခိုင်နှုန်းနှင့် တစ်နှစ်ထက်တစ်နှစ် ၉၅.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ဂျာမနီသည် အမေရိကန်ဒေါ်လာ ၇၉.၆ သန်းတန်ဖိုးရှိ တန်ချိန် ၁၄,၃၄၆ တင်သွင်းခဲ့ပြီး၊ ပမာဏအားဖြင့် ၈၂.၃ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ UAE သည် တန်ချိန် ၁၃,၅၇၅ တင်သွင်းခဲ့ပြီး ၃၅.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ နယ်သာလန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ရုရှားနှင့် ထိုင်းစသည့် အခြားဈေးကွက်များတွင်လည်း ဂဏန်းနှစ်လုံးထိ တိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသို့ တင်ပို့မှုအနေဖြင့် သိသိသာသာ ကျဆင်းခဲ့ပြီး အဆင့် ၆ နေရာ ရောက်ရှိသွားကာ တင်သွင်းမှုမှာ တန်ချိန် ၉,၂၅၂ သာရှိကာ တစ်နှစ်ထက်တစ်နှစ် ၈၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် လာမည့်ရိတ်သိမ်းရာသီတွင် ထွက်ရှိမှုတန်ချိန် ၁၇၀,၀၀၀ ခန့်ဖြင့် ကမ္ဘာ့ထိပ်တန်း ငရုတ်ကောင်းတင်ပို့သူအဖြစ် ဆက်လက်ရပ်တည်နေမည်ဟု ခန့်မှန်းထားပါသည်။ လယ်သမားများသည် စိုက်ပျိုးမှုတိုးချဲ့ခြင်းထက် ကုန်ထုတ်စွမ်းအားမြှင့်တင်ရန် အော်ဂဲနစ် အလေ့အကျင့်များကို ကျင့်သုံးလျက်ရှိပြီး ကော်ဖီ၊ အသီးအနှံပင်များနှင့် ငရုတ်ကောင်းတို့ကို ရောနှောစိုက်ပျိုးခြင်းသည် ရေရှည်တည်တံ့မှုနှင့် ပိုးမွှားစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စေကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်တွင် ငရုတ်ကောင်းလုပ်ငန်း ၂၀၀ ခန့် ရှိပြီး အဓိကတင်ပို့သူ ၁၅ ဦးမှာ စျေးကွက် ၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း၊ အဆိုပါ ကဏ္ဍတွင် အဆင့်မြင့်ပြုပြင်ရေး စက်ရုံ ၁၄ ရုံနှင့် ပြည်ပရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီ ၅ ခု ရှိပြီး ပို့ကုန်ဝေစု၏ ၃၀ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။ ASTA၊ ESA နှင့် JSSA ကဲ့သို့သော နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော နည်းပညာမြင့် စက်ရုံများသည် ငရုတ်ကောင်း၊ ငရုတ်ကောင်းဖြူ၊ ငရုတ်ကောင်းမှုန့် နှင့် အသေးစားထုပ်ပိုးထားသောကုန်ပစ္စည်းများ အပါအဝင် ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်လျက် ရှိကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းလုပ်ငန်းသည် မဟာဗျူဟာမြောက် ဆန်းသစ် တီထွင်မှု များ၊ ကမ္ဘာ့စျေးကွက်ချဲ့ထွင်ဝင်ရောက်မှုနှင့်အတူ ပို့ကုန်တင်ပို့မှုကို ဆက်လက်ထိန်းသိမ်းထားရန် အတွက် ကောင်းမွန်သော အနေအထားတွင်ရှိကြောင်း ဖော်ပြထားပါသည်။

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam