China (Kunming)

တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ထောက်ပံ့ပို့ဆောင်မှုကဏ္ဍမှ ဝင်ငွေသည် ယွမ် ၃၆၀ ထရီလီယံသို့ ရောက်ရှိရန် မျှော်မှန်းထား

Last Updated:

တရုတ်နိုင်ငံ၏ စုစုပေါင်း လူမှုရေး ထောက်ပံ့ပို့ဆောင်မှုကဏ္ဍ (social logistics) မှ ဝင်ငွေသည် တန်ဖိုး ယွမ် ၃၆၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၄၂ ထရီလီယံ) ရှိလာမည်ဟု မျှော်လင့် ထားကြောင်း China Central Television မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ ထောက်ပံ့ ပို့ဆောင်ရေးကဏ္ဍ၏ တိုးတက်လာမှုသည် စားသုံးသူအသုံးစရိတ် စွမ်းအားအသုံးပြုနိုင်မှုကို ဖော်ပြပေး လျက်ရှိသည်။

 

တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ်၊ Jurong City ရှိ YTO Express ၏ ကုန်စည်ပို့ဆောင်ရေးစင် တာ၌ ကုန်ပစ္စည်းများ ထုတ်ပိုးခြင်းဆောင်ရွက်နေပုံ

၂၀၂၄ နှစ်တွင် ဓာတုထုတ်ကုန်များအတွက် ထောက်ပံ့ပို့ဆောင်မှုကဏ္ဍမှ ဝင်ငွေသည် ယွမ် ၂၇ ဒသမ ၁ ထရီလီယံအထိ ရှိလာမည်ဟု မျှော်လင့်ထားကြောင်းနှင့် ထုတ်လုပ်မှုနှင့် စားသုံးမှုကြားတွင် အရေးပါသော ချိတ်ဆက်မှုတစ်ခုအဖြစ် ဓာတုထုတ်ကုန်များသယ်ယူပို့ဆောင်ရေးသည် ပို၍အရေးကြီး လာကြောင်း China Logistics Information Center မှ တာဝန်ရှိသူ Liu Yuhang က ပြောကြားခဲ့သည်။

China Central Television ၏ အစီရင်ခံစာတွင် ကုန်စည်လည်ပတ်စီးဆင်းမှု တိုးလာခြင်း၊ ကုန် ထုတ်လုပ်မှုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းအတွက် အစိုးရ၏ ပံ့ပိုးကူညီမှုဆိုင်ရာ မူဝါဒများ ချမှတ်ခြင်း တို့နှင့်အတူ တရုတ်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍသည် အဘက်ဘက်မှ အဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာကြောင်း တွေ့ရသည်။

တရုတ်အစိုးရအနေဖြင့် နိုင်ငံစီးပွားရေး ထိရောက်စွာမြှင့်တင်နိုင်ရန်အတွက် ထောက်ပံ့ပို့ဆောင် ရေးကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် ရည်ရွယ်သည့် လုပ်ဆောင်မှုအစီအစဉ်ကို ထုတ်ဖော်ခဲ့သည်။ ၎င်းအစီအစဥ်သည် နိုင်ငံတစ်ဝှမ်း ထောက်ပံ့ပို့ဆောင်ရေး အရင်းအမြစ်များကို အကောင်းဆုံး ခွဲဝေပေး ခြင်း၊ ထိရောက်မှုနှင့် အကျိုးကျေးဇူးများ ပိုမိုရရှိစေခြင်း၊ အဖွဲ့အစည်းနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း လည်ပတ်မှုဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ စက်မှုလုပ်ငန်းအမျိုးမျိုးနှင့် ထောက်ပံ့ပို့ဆောင်ရေး၏ ဆန်းသစ်တီထွင်မှုတို့ကို မြှင့်တင်ပေးခြင်းနှင့် အဓိကအစိတ်အပိုင်းများအတွက် ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပံ့ပိုးမှုများကို အားကောင်းစေခြင်း စသည်တို့ကို အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး စွမ်းဆောင်ရည် ညွှန်းကိန်း (China's logistics performance index) သည် ၅၂ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ယခင်လ ထက် ၀ ဒသမ ၂ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်နိုင်ငံ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူရေးအသင်းချုပ် (China Federation of Logistics and Purchasing) မှ သိရသည်။

ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည် တိုးချဲ့မြှင့်တင်ခြင်းသည် စီးပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသည်။ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏ ကိန်းဂဏန်း အချက်အလက်များ ဆက်တိုက် တိုးတက်လာခြင်းသည် တရုတ်နိုင်ငံ၏ စားသုံးမှုနှင့် ကုန်သွယ်မှု လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ်စေကြောင်း iiMedia သုတေသနဌာန၏ CEO Zhang Yi က ပြောကြားခဲ့သည်။

 

အရင်းမြစ်။ http://en.people.cn/n3/2024/1129/c90000-20248287.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)