Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထိုင်းကြက်သွန်နီအလုံးသေး (Thai Shallot) များအတွက် စားသုံးမှုမြှင့်တင်ရန်၊ တန်ဖိုးမြှင့်ရန်နှင့် ပို့ကုန်အခွင့်အလမ်းများ ရှာဖွေလျက်ရှိ

Last Updated:

ထိုင်းကြက်သွန်နီအလုံးသေးများအတွက် စားသုံးမှုကို မြှင့်တင်ရန်၊ တန်ဖိုးမြှင့်ရန်နှင့် ပို့ကုန် အခွင့်အလမ်းများရှာဖွေနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းကြက်သွန်နီအလုံးသေးများ၏ ကုန်သွယ်မှုအခြေအနေကို စောင့်ကြည့်လျက်ရှိပြီး အထူး သဖြင့် ရိတ်သိမ်းရာသီတွင် တောင်သူများအတွက် ဈေးနှုန်းမျှတစေရေးဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ နှင့် ပို့ကုန်လုပ်ငန်းရှင်များ ပူးပေါင်း၍ ကြက်သွန်နီအလုံးသေးများကို ဝယ်ယူ၍ စိုက်ပျိုးဧရိယာ ပြင်ပ တွင် ဖြန့်ချိခြင်းတို့ ဆောင်ရွက်ပါကြောင်း၊ ဝယ်ယူသူများ ဝယ်ယူနိုင်ရန် အရောင်းနေရာများ ဆောင် ရွက်ခြင်းဖြင့် စားသုံးမှုကို မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဟင်းအမယ်များစွာ ချက်ပြုတ် ရာတွင် အသုံးပြုရန်နှင့် တောင်သူများအတွက် ဝင်ငွေတိုးပွားရန်အတွက် Si Sa Ket ကြက်သွန်နီ အလုံး သေးကို Geographical Indication (GI) မှတ်ပုံတင်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားခဲ့သည်။

စိုက်ပျိုးမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် နည်းလမ်းများ၊ ကုန်ကျစရိတ်လျှော့ချရန်နှင့် ဈေး ကွက် လိုလားချက်ကို ပြည့်မီရန် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါပုံကို သိရှိသောကြောင့် ဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းသည် ထိုင်း ကြက်သွန်နီအလုံးသေးများအတွက် ယှဉ်ပြိုင်နိုင်မှုနှင့် ပို့ကုန်အခွင့်အလမ်း ချဲ့ထွင်မှုကို မြင့်တက်စေပါ ကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် ကြက်သွန်နီ အလုံးသေး တန်ချိန် ၁၄၈,၂၃၉ စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး ၀.၇၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ အဓိက ထုတ်လုပ်သည့် ဒေသများမှာ Si Sa Ket၊ ချင်းမိုင်၊ ဥတရာဒစ်၊ ဖရား နှင့် အခြားဒေသများဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် တန်ချိန် ၁၅၂,၂၂၁ တန်ထိရောက်ရှိနိုင်ပြီး ၂.၆၉ ရာခိုင်နှုန်း မြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း စိုက် ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ကြက်သွန်နီအလုံးသေး ၁၅,၃၂၄ တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၂.၁ သန်းရရှိခဲ့ကြောင်း၊ အဓိက တင်ပို့သည့် နိုင်ငံများမှာ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် အခြားနိုင်ငံများဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကြက် သွန်နီ အလုံးသေး တင်ပို့ခဲ့မှုမှာ ၁၄,၇၂၈ တန်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂.၁ သန်းရရှိခဲ့သဖြင့် ၁၉.၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand