ထိုင်းနိုင်ငံ ဒူးရင်းပို့ကုန်အပေါ် တရုတ်က ယာယီပိတ်ပင်လိုက်သောကြောင့် တရုတ်နိုင်ငံသို့ ဒူးရင်းသီး မတင်ပို့မီ ပိုမိုတင်းကျပ်သော စစ်ဆေးမှု အစီအမံများကို စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး ဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဒူးရင်းသီးသယ်ဆောင်ထားသော ကုန်သေတ္တာအားလုံးသည် သင်္ဘောထွက်ခွာခွင့်မပြုမီ ကင် ဆာ ဖြစ်စေသော အရောင်ခြယ် ပစ္စည်းတစ်ခုဖြစ်သော “Basic Yellow 2” အပြင် Cadmium နှင့် ဒူးရင်း ပိုးများအတွက် စစ်ဆေးခံရမည်ဖြစ်ကြောင်း၊ ပို့ကုန်ပိတ်ပင်ခံရပြီးနောက် ဝန်ကြီးသည် အရေးတကြီး အစည်းအဝေးတစ်ခုခေါ်ယူခဲ့ပါကြောင်း၊ ပို့ကုန်အကြိုစစ်ဆေးသည့် အစီအမံသစ်သည် လာမည့် ၁၀ ရက်အတွင်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်သူများသည် လိုအပ်ချက်အသစ် ကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက ၎င်းတို့၏ ပို့ကုန်လိုင်စင်များ ဆုံးရှုံးမည်ဖြစ်ကြောင်း၊ ဝန်ကြီးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အတွင်း ဝန်ကြီးချုပ် H.E Ms. Paetongtarn Shinawatra နှင့်အတူ တရုတ်နိုင်ငံသို့ ခရီးစဉ်တစ်ခုတွင် လိုက်ပါသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး H.E Ms. Narumon Pinuosinwat က ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ၏ ပို့ကုန်အကြို ပြင်းထန်သော စစ်ဆေးမှုနှင့်စပ်လျဉ်း၍ ခရီးစဉ်အတွင်း တရုတ် အကောက်ခွန်အာဏာပိုင်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယင်းသည် ထိုင်းနိုင်ငံ၏ ထုတ်ကုန် အရည်အသွေးနှင့် စိတ်ချရမှု စံနှုန်းများအပေါ် တရုတ်၏ ယုံကြည်ချက်ကို မြှင့်တင်ပေးရန် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ထိုင်းသစ်သီးတင်ပို့ခဲ့မှုသည် နှစ်အလိုက် မြင့်တက်လာလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ လမှ နိုဝင်ဘာလအတွင်း တန်ချိန် ၁.၈၁၇ သန်း၊ တန်ဖိုးအားဖြင့် ဘတ် ၁၇၇.၁၃ ဘီလီယံ တင်ပို့ခဲ့ပါ ကြောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့က တရုတ်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်လာရာတွင် Basic Yellow 2 တရားမဝင်အသုံးပြုထားသည်ကို တွေ့ရှိခဲ့ရပြီး ထိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနတွင် မှတ်ပုံမတင်ထားပါကြောင်း၊ အဆိုပါ ပစ္စည်းကို ချမ်ဖွန် ပြည်နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု အုပ်စုမှ ဘဏ္ဍာငွေချထားပေးသည့် ပို့ကုန်အတွက် ဒူးရင်းသီးထုပ်ပိုးသော စက်ရုံများတွင် အသုံးပြု လျက်ရှိပါကြောင်း၊ ထို့ကြောင့် မှတ်ပုံမတင်ထားသော ပစ္စည်းများ အသုံးပြုခြင်းကို ရပ်ဆိုင်းရန် ညွှန် ကြားခဲ့ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။
သို့သော် ၁ လအကြာ အဆိုပါ ထုပ်ပိုးသည့် စက်ရုံများသို့ သွားရောက်ခဲ့ရာတွင် တူညီသော ပစ္စည်းများကို ဆက်လက်အသုံးပြုလျက်ရှိသည်ကို တွေ့ရှိခဲ့ရသဖြင့် သတိပေးစာ ထုတ်ပြန်ခဲ့ပါ ကြောင်း၊ ဒူးရင်းသီး ပို့ကုန်များတွင် Basic Yellow 2 ကင်းစင်ကြောင်း သေချာစေသည့် စာရွက်စာတမ်း များ မတင်ပြနိုင်သဖြင့် တရုတ်နန်နင်းလေဆိပ်က ပို့ကုန်များကို ငြင်းပယ်ခဲ့သည်ဟု စနေနေ့တွင် ဝန်ကြီးဌာနထံ အကြောင်းကြားခဲ့ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဘန်ကောက်မြို့။