Russia

ရုရှား-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၄၅ ဘီလီယံ နီးပါးရှိပြီး အားကောင်းသည့်လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေ၊ ငွေပေးချေမှု ၉၅ ရာခိုင်နှုန်းကျော်သည် ရူဘယ်နှင့် ယွမ်များဖြင့် ဆောင်ရွက်

Last Updated:

ရုရှားနှင့်တရုတ် နှစ်နိုင်ငံကုန်သွယ်မှုသည် အားကောင်းသည့်လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေကြောင်းနှင့် ပြင်ပသြဇာလွှမ်းမိုးမှုရှိနေသော်လည်း ရုရှားနှင့်တရုတ်အကြား ကုန်သွယ်မှုတန်ဖိုးသည် တိုးလာနေကြောင်း ရုရှားနိုင်ငံ သမ္မတပူတင်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်တို့ ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးစဉ် အပြန်အလှန်ပြောကြားခဲ့ကြသည်။

ရုရှား၏ စာရင်းဇယားများအရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ၁၁ လတာ ကာလအတွင်း ရုရှားနှင့် တရုတ်ကြား ကုန်သွယ်မှုတိုးတက်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၂၂၀ ဘီလီယံ ကျော်ရှိပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်း ကျော် တိုးတက်မှုရှိကြောင်း၊ တရုတ်၏ စာရင်းဇယားများအရ ၂၀၂၄ ခုနှစ်၊ တစ်နှစ်တာ ကာလအတွင်း အပြန်အလှန် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၅ ဘီလီယံ နီးပါးရှိကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ငါးနှစ်တွင် တရုတ်နိုင်ငံနှင့်အတူ ဆိုက်ဘေးရီးယား ဓာတ်ငွေ့ပိုက်လိုင်း၏ Power of Siberia စီမံကိန်းလုပ်ငန်းကို စတင်အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိတွင် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုတွင် ပထမနေရာကို ရယူထားကြောင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က ဆက်လက်ပြောကြားခဲ့သည်။

ယင်းနောက် နှစ်နိုင်ငံလက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုသည် ဆက်တိုက် တိုးလာ နေပြီး အပြန်အလှန်ကုန်သွယ်မှုသည် ဆက်လက်အားကောင်းနေဆဲဖြစ်ကြောင်း၊ တရုတ်-ရုရှား ဓာတ်ငွေ့ပိုက်လိုင်း Power of Siberia သည် သတ်မှတ်အချိန်ဇယားထက် စွမ်းဆောင်ရည် အပြည့်ဖြင့် ရောက်ရှိနေကြောင်း တရုတ် သမ္မတ ရှီကျင့်ဖိန် က ပြောကြား ခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိကနိုင်ငံခြား ကုန်သွယ်မှု မိတ်ဖက်နိုင်ငံဖြစ်ပြီး ရုရှားသည် တရုတ်၏ ပဉ္စမမြောက် အကြီးဆုံးကုန်သွယ်မှု မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်း၊ ရုရှားနှင့် တရုတ်နိုင်ငံတို့ကြား အပြန်အလှန်ငွေပေးချေမှု၏ ၉၅ ရာခိုင်နှုန်းကျော်ကို နိုင်ငံသုံးငွေကြေးများဖြစ်သည့် ရူဘယ်နှင့် ယွမ်တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ အနောက်နိုင်ငံ များ၏ ပိတ်ဆို့အရေးယူမှုများအတွင်း တည်ငြိမ်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် ကျေနပ်အားရမိကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ကို အလေးထားဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ရုရှား သမ္မတ၏ လက်ထောက် Mr. Yuri Ushakov က ပြောကြား ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်အကြီးအကဲများသည် သယ်ယူပို့ဆောင်ရေးဆက်သွယ်မှု ပိုမို တိုးတက်ကောင်းမွန်စေရန်၊ နယ်စပ်အခြေခံအဆောက်အအုံများ ခေတ်မီစေရန်၊ စစ်ဆေးရေးဂိတ် များနှင့် နှစ်နိုင်ငံအကြား ကုန်စည်သယ်ယူပို့ဆောင်ရေး တိုးမြှင့်ရန်အတွက် မြောက်ပိုင်းပင်လယ် လမ်းကြောင်း၏ အလားအလာကို ဖွင့်လှစ်၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် သဘော တူညီခဲ့ကြကြောင်း Mr. Yuri Ushakov က ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်တွင် တရုတ်-ရုရှား ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၄.၈၁ ဘီလီယံဖြင့် စံချိန်သစ်တင်ခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ရုရှားမှ တရုတ်သို့ ကုန်ပစ္စည်းများ တင်သွင်းမှုမှာ ကန်ဒေါ်လာ ၁၂၉.၃၂ ဘီလီယံဖြစ် တည်ငြိမ်နေပြီး တရုတ်မှ ရုရှားသို့ တင်ပို့မှုမှာ ကန်ဒေါ်လာ ၁၁၅.၄၉ ဘီလီယံဖြင့် ၄.၁ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

ရုရှားမှ တရုတ်သို့ အဓိကတင်သွင်းသော ကုန်ပစ္စည်းများမှာ စွမ်းအင်အရင်းအမြစ်များ ဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ကြေးနီနှင့် ကြေးနီသတ္တုရိုင်း၊ သစ်၊ လောင်စာဆီနှင့် ရေထွက်ကုန်များ ပါဝင်ပြီး တရုတ်မှ ရုရှားသို့ အဓိကတင်ပို့သော ကုန်ပစ္စည်း များမှာ မော်တော်ကား၊ စမတ်ဖုန်း၊ စက်မှုနှင့် အထူးပြုစက်ပစ္စည်းကိရိယာများ၊ အရုပ်၊ ဖိနပ်၊ သယ်ယူပို့ဆောင်ရေးယာဉ်၊ လေအေးပေးစက်၊ ကွန်ပျူတာများနှင့် ရေထွက်ကုန်များ ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၉၀ ဘီလီယံအထိရှိခဲ့ပြီး ၂၉.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ကန်ဒေါ်လာ ၂၄၀.၁၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၆.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကန် ဒေါ်လာ ၂၄၄.၈၁ ဘီလီယံဖြင့် စံချိန်သစ်တင်ခဲ့ပြီး ၁.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

(စီးပွားရေးသံမှူး၊ မော်စကိုမြို့

Category: Russia