USA

သမ္မတဒေါ်နယ်ထရမ့်ဖွဲ့စည်းလိုသည့် ပြည်ပအကောက်ခွန်ဝန်ဆောင်မှုဌာနနှင့် ပတ်သက်သည့် ပညာရှင်များ၏အမြင်

Last Updated:

သမ္မတဒေါ်နယ်ထရမ့်က သွင်းကုန်ခွန်၊ အခွန်အကောက်နှင့် နိုင်ငံခြားကုန်သွယ်မှုနှင့် ဆက်စပ်သည့်အခွန်ကောက်ခံမည့် ပြည်ပအခွန်ဝန်ဆောင်မှုဌာန (External Revenue Service, ERS)တစ်ခုကို တည်ထောင်မည့်ကိစ္စရပ်အပေါ် ပညာရှင်များထံမှ မေးခွန်းများထွက်ပေါ်ခဲ့ ကြောင်း သတင်းများအရ သိရှိရပါသည်။

သမ္မတဒေါ်နယ်ထရမ့်က ပြည်သူများအပေါ် အခွန်ကောက်ခံမည့်အစား နိုင်ငံခြား တိုင်းပြည်များအပေါ် သွင်းကုန်ခွန်နှင့် အကောက်ခွန်များသတ်မှတ်ကောက်ခံသွားမည်ဟု ကျမ်း သစ္စာကျိန်ဆိုပွဲ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ပညာရှင်များထံမှ မေးခွန်း ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ၁၇၈၉ ခုနှစ်တွင် အမေရိကန်လွှတ်တော်က အကောက်ခွန် ဝန်ဆောင်မှုဌာန (Custom Service) ကို ဘဏ္ဍာရေးဝန်ကြီးဌာနအောက်၌ ဖွဲ့စည်းခဲ့ပြီး ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု (Sept. 11 Attacks) နောက်ပိုင်းတွင် အကောက်ခွန်ဗျူရိုကို အမိမြေလုံခြုံရေးဝန်ကြီး ဌာနအောက်သို့ ထည့်သွင်းဖွဲ့စည်းခဲ့ပါသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံ အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (U.S. Customs and Border Protection, CBP) သည် အမေရိကန်နိုင်ငံသို့ လေဆိပ်နှင့် ကုန်လမ်းများမှတစ်ဆင့် ဝင်ရောက်လာသည့် ကုန်စည်များအပေါ် ကြီးကြပ်လျက် သွင်းကုန်ခွန် ကောက်ခံလျက်ရှိပါသည်။ အစိုးရဌာနတစ်ခုဖွဲ့စည်းရန် အမေရိကန်လွှတ်တော်ကသာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် ပြည်ပအကောက်ခွန် ဝန်ဆောင်မှုဌာနကို မည်သို့ဖွဲ့စည်းသွား မည်မှာ မသေချာသည့် ကိစ္စရပ်တစ်ခုဖြစ်ပါသည်။

သမ္မတဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ပြည်ပနိုင်ငံများမှ သတ္တု၊ ဆိုလာပြားနှင့် တရုတ်နိုင်ငံမှ သွင်းကုန်အများအပြားအပေါ် အကောက်ခွန်သတ်မှတ်ကောက်ခံခဲ့ခြင်းကြောင့် အစိုးရရငွေ အများအပြားရရှိခဲ့ပါသည်။ သမ္မတ ဒေါ်နယ်ထရမ့်အစိုးရနှင့် ရီပတ်ဘလစ်ကင်ပါတီဝင်များက ပြည်တွင်း၌ အခွန်လျှော့ချမှုကြောင့် အစိုးရရငွေကို လျော့ကျခြင်းကို အထောက်အပံ့ဖြစ်စေရန် သွင်းကုန်ခွန်ကောက်ခံလိုကြ သော်လည်း သွင်းကုန်ခွန်သည် အမေရိကန်နိုင်ငံအခွန် ရငွေပမာဏ၏ အနည်းငယ်သာရှိပါသည်။ သွင်းကုန်ခွန် ကောက်ခံမှုကြောင့် အမေရိကန်နိုင်ငံ၏ဘတ်ဂျက်လိုငွေကို လျှော့ချနိုင်သော်လည်း တိုးတက်မှုနှေးကွေးကာ စားသုံးသူဈေးနှုန်းမြင့်တက်လာနိုင်သည်ဟု လွှတ်တော်ဘတ်ဂျက်ရုံးက ခန့်မှန်းခဲ့ပါသည်။

 သမ္မတဒေါ်နယ်ထရမ့်က သွင်းကုန်ခွန်ကို နိုင်ငံခြားတိုင်းပြည်များက ပေးရမည်ဟု ပြော ကြားလျက်ရှိသော်လည်း အမှန်တကယ်ပေးရသည်မှာ အမေရိကန်နိုင်ငံသို့ ကုန်ပစ္စည်း တင်သွင်း သည့် သွင်းကုန်လုပ်ငန်းရှင်/ကုမ္ပဏီများဖြစ်ပြီး ၎င်းတို့မှာ အမေရိကန်ကုမ္ပဏီ၊ အမေရိကန် နိုင်ငံတွင် အခြေစိုက်သည့် နိုင်ငံခြားကုမ္ပဏီများ၏ ရုံးခွဲများ သို့မဟုတ် အမေရိကန်နိုင်ငံ၌ စီးပွားရေးလုပ်ငန်း တည်ထောင်ခြင်းမပြုဘဲ ကုန်ပစ္စည်းတိုက်ရိုက် တင်သွင်းသည့် နိုင်ငံခြား ကုမ္ပဏီများ စသည်ဖြင့်ဖြစ်နိုင်ကြောင်း၊ သို့ရာတွင် ယေဘုယျအားဖြင့် သွင်းကုန်တင်သွင်းသူ များမှာ အမေရိကန်ကုမ္ပဏီများ ဖြစ်ကြောင်း၊ နိုင်ငံခြားတိုင်းပြည်များမှ သွင်းကုန်ခွန်နှင့် အခွန်အကောက်ကောက်ခံမည့် ပြည်ပအခွန် ဝန်ဆောင်မှုဌာန (External Revenue Service would collect duties and tariffs that come from foreign source) ဆိုသည့် စကားရပ်သည် နားလည်ရန်ခက်ခဲသည့်စကားရပ်ဖြစ်ကြောင်း အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်ပေးသည့် ရှေ့နေများက ပြောကြားခဲ့ကြပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

 

Category: USA