Vietnam

ဗီယက်နမ်နိုင်ငံတွင် အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအပေါ် အခွန်ကောက်ခံမှုသည် ၁၀လအတွင်း ဗီယက်နမ်ဒေါင် ၉၄.၆ ထရီလီယံရှိလာ

Last Updated:

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ၁၀ လအတွင်း ပြည်တွင်းရှိ တစ်ဦးချင်းလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ e-commerce ကုန်သွယ်မှုမှ ကောက်ခံရရှိသည့် အခွန်ရငွေသည် ဗီယက်နမ်ဒေါင် ၉၄.၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဗီယက်နမ်နိုင်ငံအခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိ ရပါသည်။

အခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံခြား e-commerce ဝန်ဆောင်မှုလုပ်ငန်း ၁၁၆ ခုသည် အွန်လိုင်းပေါ်တယ်မှတစ်ဆင့် မှတ်ပုံတင်စာရင်းသွင်းခြင်း၊ ရငွေကြေညာ၍ အခွန် ဗီယက်နမ်ဒေါင် ၁၉.၇၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၇၅ မီလီယံ) ပေးဆောင်ခဲ့ကြောင်း၊ ၁၀ လတာ အတွင်း ပေးဆောင်မှု ဗီယက်နမ်ဒေါင် ၈.၂ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၃၂၁ မီလီယံ) ရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၉ ရာခိုင်နှုန်း တိုးလာကြောင်း အဆိုပါဌာနမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုဆောင်ရွက်သည့် ပလက်ဖောင်း ၄၁၂ ခုသည် ပေါ်တယ်မှတစ်ဆင့် မှတ်ပုံတင် စာရင်းသွင်းထားပြီး စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းလုပ်ငန်းများ စုစုပေါင်း ၁၉၁,၀၀၀ ကျော်သည် ဗီယက်နမ်ဒေါင် ၇၂ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂.၈၂ဘီလီယံ)ကျော် အရောင်းအဝယ် ပြုလုပ်မှုများအတွက် အစီရင်ခံတင်ပြပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

 

 

Category: Vietnam