Korea

၂၀၂၅ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာသည် ၂ ရာခိုင်နှုန်း သာ ရှိနိုင်သည်ဟု IMF က ခန့်မှန်း

Last Updated:

ကုန်သွယ်မှုများနှေးကွေးလာခြင်းနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများအပါအဝင် အခြားသော အားနည်းချက်များကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် ၂ ရာခိုင်နှုန်း သာ တိုးတက်နိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund- IMF) က ၂၀-၁၁-၂၀၂၄ ရက်နေ့က ထုတ်ပြန်လိုက်ပါသည်။ အဆိုပါ တိုးတက်မှုနှုန်းသည် ၂၀၂၄ ခု နှစ်၊ အောက်တိုဘာလက ခန့်မှန်းထားခဲ့သည်ထက် ၀.၂ ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။

ယင်းသို့ ခန့်မှန်းမှုကို IMF ကိုယ်စားလှယ်အဖွဲ့သည် တောင်ကိုရီးယားနိုင်ငံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအပါအဝင် တောင်ကိုရီးယားဗဟိုဘဏ်နှင့်အခြားသောသက်ဆိုင်ရာ အဖွဲ့အ စည်းများနှင့်တွေ့ဆုံ၍ နိုင်ငံ၏စီးပွားရေးနှင့် မူဝါဒရေးရာများဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေး ကျင်းပရန် တောင်ကိုရီးယားနိုင်ငံသို့ နှစ်ပတ်ကြာလာသည့်ခရီးစဉ်တွင် ကြေညာခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၄ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအလားအလာကိုလည်း ၂.၅ ရာခိုင်နှုန်း ရှိနိုင်သည်ဟု ခန့်မှန်းထားခဲ့သော်လည်း ယခုအခါ ၂.၂ ရာခိုင်နှုန်းသာတိုးတက်နိုင် သည်ဟု IMF ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Rahul Anand က ခန့်မှန်းခဲ့ပါသည်။ ပြည်ပသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့နိုင်မှု အားကောင်းသော်လည်း ပြည်တွင်းဝယ်လိုအား ပြန်လည် ကောင်းမွန်လာမှု အားနည်းနေသည့်အတွက် နိုင်ငံ၏စီးပွားရေးသည် ၂.၂ ရာခိုင်နှုန်းသာ တိုးတက် နိုင်ကြောင်း IMF ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ငွေကြေးဖောင်းပွနှုန်းသည် ၁.၃ ရာခိုင်နှုန်းသို့ ကျဆင်း ခဲ့သည့်အပြင် ၂၀၂၅ ခုနှစ်တွင်လည်း ရည်မှန်းနှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းနှင့်နီးနီးတွင်သာရှိနေ မည်ဟု ခန့်မှန်းပါကြောင်း၊ သို့သော် မသေချာမရေရာမှုများမြင့်မားနေကြောင်း၊ အထူးသဖြင့် ကုန် သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း၊ ပထဝီနိုင်ငံရေးတင်းမာမှုများ ပိုမိုဆိုးဝါး လာခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခများကြောင့် ကုန်စည်များဈေးနှုန်း မြင့်မားလာခြင်း စသည့် အခြေအနေများကြောင့် မသေချာမရေရာမှုများ မြင့်မားလာကြောင်း၊  သို့သော်လည်း ဇန်န ဝါရီလကုန်ပိုင်းတွင် တာဝန်ယူမည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် မူဝါဒ အပြောင်းအလဲဖြစ်နိုင်ခြေကို ရည်ညွှန်း၍ မည်သည့်အခက်အခဲများ (သို့မဟုတ်) ရလဒ်များဖြစ်ပေါ် လာနိုင်သည်ကို အကဲဖြတ်ရန် စောနေပါကြောင်း Mr. Rahul Anand က ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပခဲ့သည် အမေရိကန်သမ္မတရွေးကောက်ပွဲ တွင် ယခင်သမ္မတဟောင်းထရမ့်ကို ပြန်လည်ရွေးကောက်ခံခဲ့ရသည့်အတွက် တောင်ကိုရီးယားဝမ် ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်လဲလှယ်ရာတွင် တစ်ဒေါ်လာလျှင် ဝမ်ငွေ ၁,၄၀၀ ဝန်းကျင် (သိသိသာသာသတိထားမှတ်မိစေနိုင်သည့် နှုန်းထား) တွင် လှုပ်ရှားပြောင်းလဲနေပါကြောင်း၊ သို့ သော် အစိုးရအနေဖြင့် နိုင်ငံခြားငွေလဲလှယ်မှုတွင် ဝင်ရောက်စွက်ဖက်မှုများကို မပြုလုပ်သင့်သေး ကြောင်း၊ လက်ရှိငွေလဲနှုန်းထားသည် နိုင်ငံ၏ပို့ကုန်နှင့် ကုန်သွယ်မှုအတွက် အထောက်အကူပြု နေပြီး စိုးရိမ်စရာတစ်စုံတစ်ရာမရှိသေးပါကြောင်း Mr. Rahul Anand က ပြောကြားခဲ့ပါသည်။

ကိုရီးယားဗဟိုဘဏ်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အတိုးနှုန်းကို ၃.၅ ရာခိုင် နှုန်းမှ ၃.၂၅ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်ခြင်းသည် ကြိုဆိုရမည့် မူဝါဒဖြစ်ပါကြောင်း၊ ပုဂ္ဂလိ ကသုံးစွဲနှုန်းကို မြင့်မားစေနိုင်သည့်အပြင် စီးပွားရေးကိုလည်း မြှင့်တင်ပေးနိုင်ရေး အထောက်အ ကူပြုနိုင်ပါကြောင်း IMF ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။

IMF က ခန့်မှန်းသည့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာသည် တောင်ကိုရီးယားနိုင်ငံပိုင် အကြံပေးအဖွဲ့အစည်းဖြစ်သည့် ကိုရီးယားဖွံ့ဖြိုးရေးတက္ကသိုလ် (Korea Development Institute- KDI) ၏ ခန့်မှန်းချက်နှင့် ထပ်တူညီနေပါသည်။ KDI ကလည်း နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ်တွင် ၂ ရာခိုင်နှုန်းသာရှိနိုင်သည်ဟု ယခင်ရက်သတ္တပတ် ကတည်းက လျှော့ချခန့်မှန်းခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက ခန့်မှန်းထားသည့် စီးပွား ရေး တိုးတက်နှုန်းသည် ၂.၁ ရာခိုင်နှုန်း ဖြစ်ပါသည်။

စီးပွားရေးတိုးတက်ရန် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြု ပြင်ပြောင်းလဲမှု (Structural Reforms) များကို ဦးစားပေး ဆောင်ရွက်ရန်လိုပါကြောင်း၊ ဥပမာ အားဖြင့် ကုန်စည်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်ရေး၊ ၎င်းတို့နှစ်ခုအကြား ကွာ ဟမှုများ၊ ကုမ္ပဏီကြီးများနှင့် SMEs များအကြား ကွာဟမှုများကို လုပ်သားဈေးကွက် ပြုပြင်ပြောင်း လဲမှုများနှင့် Product Market Reforms  (ထုတ်လုပ်သူများအကြား ယှဉ်ပြိုင်မှုကို တိုးမြှင့်ခြင်းအား ဖြင့် ထုတ်ကုန်စျေးကွက်များ၏ လုပ်ငန်းဆောင်တာများကို တိုးတက်စေရန် ရည်ရွယ်သော အသေး စားစီးပွားရေးပြုပြင်ပြောင်းလဲမှုများ) ပြုလုပ်သင့်ကြောင်း၊ နိုင်ငံတွင်း ကလေးမွေးဖွားနှုန်း နိမ့်ကျ ခြင်းကို ဖြစ်စေသည့် စီးပွားရေးဆိုင်ရာကန့်သန့်ချက်များကို ဖြေလျော့ပေးခြင်းအပါအဝင် လျော့ နည်းလာသော လုပ်သားအင်အားပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် ဘက်စုံပြောင်းလဲမှုများ လိုအပ်ကြောင်း IMF ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။ အဆိုပါကြေညာချက် တွင်ပါဝင်သော IMF ကိုယ်စားလှယ်အဖွဲ့၏ ကနဦးတွေ့ရှိချက်များကို IMF အမှုဆောင်အဖွဲ့ထံသို့ တင်ပြ၍ အတည်ပြုချက် ရယူသွားရမည်ဖြစ်ပါကြောင်း IMF ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Mr. Rahul Anand ကပြောကြားခဲ့ပါသည်။

 

https://www.koreatimes.co.kr/www/biz/2024/11/602_386699.html

စီးပွားရေးသံမှူး၊ ဆိုလ်းမြို့၊ တောင်ကိုးရီးယားနိုင်ငံ။

 

 

 

 

 

 

 

 

 

 

 

 

Category: Korea