Thailand

ထိုင်းနိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွင်း ပို့ကုန်တိုးတက်မှုသည် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကြား ရှိနိုင် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မျှော်မှန်းထား

Last Updated:

ထိုင်းနိုင်ငံ၏ ပို့ကုန်များအနက် အီလက်ထရောနစ်၊ စိုက်ပျိုးရေးထုတ်ကုန်နှင့် အစားအစာ ကဏ္ဍများကြောင့် ၂၀၂၄ ခုနှစ်အတွင်း ပို့ကုန်တိုးတက်မှုသည် ၅ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားချက်များအရ ၂၀၂၅ ခုနှစ်အတွက် ပို့ကုန်တိုးတက်မှုသည် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း အကြားရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားခဲ့ပါသည်။

ပို့ကုန်မြှင့်တင်နိုင်ရေးနှင့် ၂၀၂၅ ခုနှစ်အတွက် ရည်မှန်းချက်များနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် ထိုင်းကုန်သည်ကြီးများအသင်း၊ ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်၊ Thai National Shippers’ Council (TNSC) နှင့် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများ၏ စက်ရုံတည်ဆောက်ရေး လုပ် ငန်းများသည် ပြီးစီးတော့မည်ဖြစ်ရာ ပို့ကုန်တွင် မြင့်တက်လာနိုင်ကြောင်း၊ ထိုင်းနှင့် ဥရောပလွတ်လပ် သောကုန်သွယ်ရေးအသင်းတို့အကြား FTA ညှိနှိုင်းမှုများသည် အောင်မြင်ပြီးခဲ့ပြီး အီးယူနှင့် ယူကေ တို့နှင့် ညှိနှိုင်းမှုသည်လည်း အပြီးသတ်တော့မည်ဖြစ်ရာ ကုန်စည်တင်ပို့မှု  မြင့်တက်လာနိုင်ကြောင်း၊ အခွန်နှုန်းထားတိုးမြှင့်ရန် အလားအလာရှိသည့် အမေရိကန်နှင့် ညှိနှိုင်းမှုဆောင်ရွက်သွားမည်ဖြစ်ပြီး တိုးမြင့်လာမည့် အခွန်နှုန်းထားမှ ထိုင်းနိုင်ငံအနေဖြင့် ကင်းလွတ်ခွင့်ရရှိနိုင်မည့် အကြောင်းအရာများ အတွက် ဖေဖော်ဝါရီလထဲတွင် အမေရိကန်အရာရှိများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။

အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေဖြစ်ပေါ်နေခြင်းသည် ထုတ်လုပ်မှုကဏ္ဍတွင် ထိုင်းနိုင်ငံပုံရိပ် အတွက် ရလဒ်ကြီးမားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် “Think Thailand Next Level” ခေါင်းစဉ် အောက်မှ ကုန်ကြမ်းပစ္စည်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်သို့ ပြောင်းလဲခြင်းဖြင့်  ထိုင်းပို့ကုန် များကို မြှင့်တင်သွားလိုကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဘတ်ငွေသည် အမေရိကန် ၁ ဒေါ်လာလျှင် ၃၆ ဘတ်မှ ၃၇ ဘတ်ကြားသို့ အားပျော့သွားနိုင်ပြီး ပို့ကုန်နှင့် စီးပွားရေးတိုးတက်မှုကို ထောက်ပံ့ပေးနိုင် ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ပထမ ၁၀ အတွင်း ထိုင်းပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄.၉ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand