ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့တင်ပို့မှုသည် ယခုနှစ် ၁၁ လအတွင်း တန်ဖိုးမြင့်မားခဲ့သော် လည်း ပို့ကုန်ထုတ်ကုန်များ ပြုပြင်ရန်အတွက် သီဟိုဠ်စေ့ကုန်ကြမ်းပမာဏအများအပြား တင်သွင်းနေရဆဲ ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ကော်ဖီ၊ ဟင်းသီးဟင်းရွက်နှင့် ဆန်တို့နှင့်အတူ ယခုနှစ် ၁၁ လအတွင်း သီဟိုဠ်စေ့တင်ပို့ မှုမှာ တန်ချိန် ၆၆၉,၀၀၀ ရှိပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၃.၉၈ ဘီလီယံ စံချိတင်ရရှိခဲ့ ကြောင်း သိရှိရပါသည်။ ယခင်နှစ်အလားတူကာလထက် ပို့ကုန်ပမာဏမှာ ၁၅.၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၂၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး (GSO) ၏ အဆိုအရ သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် အဓိကအားဖြင့် W320 ၊ W240 ၊ W180 သီဟိုဠ်စေ့အမျိုးအစားများ တင်ပို့ပြီး စုစုပေါင်းပမာဏ၏ ၆၃.၅ ရာခိုင်နှုန်းနှင့် စုစုပေါင်းတန်ဖိုး၏ ၇၀ ရာခိုင်နှုန်းရှိပါသည်။ ဗီယက်နမ်သည် မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့သီဟိုဠ်စေ့တင်ပို့မှုဈေးကွက်ရှိ ဦးဆောင် နေမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး ဤကဏ္ဍမှ ပို့ကုန်ဝင်ငွေနှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံမှ ၄ ဘီလီယံအကြား ရှိကြောင်း ဖော်ပြထားပါသည်။
သို့ရာတွင် ဗီယက်နမ်၏ သီဟိုဠ်စေ့လုပ်ငန်းသည် ကမ္ဘောဒီးယားနှင့် အာဖရိကနိုင်ငံအချို့ ကဲ့သို့သော အခြားနိုင်ငံများနှင့် ဒေသများ ပြိုင်ဆိုင်မှုများနှင့်အတူ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်းဖော်ပြထားသည်။ စက်မှုလုပ်ငန်းသည် ယခုနှစ် ၁၁ လအတွင်း ပြည်ပပို့ကုန်များ အတွက် သီဟိုဠ်စေ့ကုန်ကြမ်း တင်သွင်းခြင်းအတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် သုံးစွဲခဲ့ရကြောင်း၊ ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃.၉၈ ဘီလီယံရရှိရန်အတွက် ကုန်ကြမ်းတင်သွင်းမှုအပေါ် မှီခိုနေရသော ကြောင့် ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ သန်း ၉၈၀ သာရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
သီဟိုဠ်စေ့စက်ရုံများသည် ပြည်ပသို့တင်ပို့ရန်အတွက် နှစ်စဉ် သီဟိုဠ်စေ့ကုန်ကြမ်း တန်ချိန် ၃ သန်းမှ ၃.၅ သန်းခန့်လိုအပ်ပြီး ပြည်တွင်း၌ သီဟိုဠ်အကြမ်းထွက်ရှိမှုမှာ တန်ချိန် ၃၀၀,၀၀၀ မှ ၃၅၀,၀၀၀ ခန့်သာရှိကာ လိုအပ်ချက်၏ ၁၀ရာခိုင်နှုန်းခန့်သာရှိကြောင်း ရေးသားဖော်ပြထားသည်။
ပြည်တွင်းကုန်ကြမ်းရှားပါးမှုသည် သီဟိုဠ်စေ့လုပ်ငန်းအတွက် အသစ်အဆန်း မဟုတ် ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် စက်မှုလုပ်ငန်းသည် စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၆၄ ဘီလီယံရရှိခဲ့ပြီး ကုန်ကြမ်းတင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၃.၁၉ ဘီလီယံသုံးစွဲခဲ့ကြောင်း၊ ထို့ကြောင့်စက်မှု လုပ်ငန်း၏ ကုန်သွယ်မှုပိုငွေသည် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၄၅၀ သန်း သာရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံအထိ မျှော်မှန်းထားပြီး
သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံအထိ ရှိလာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းသည် သီဟိုဠ်စေ့လုပ်ငန်းအတွက် အဓိကစိန်ခေါ်မှုများဖြစ်ပြီး ယခုနှစ် အစမှစတင်၍ ပြည်ပမှ တင်သွင်းသော သီဟိုဠ်စေ့ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး သီဟိုဠ်စေ့လုပ်ငန်း အများအပြား၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၁၅၊ အပိုဒ် ၁၄ တွင် အပင်အခြေခံ အစားအစာတင်သွင်းမှုသည် ဗီယက်နမ်နိုင်ငံ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော အစားအစာ ဘေးကင်းရေး စနစ်ရှိသော နိုင်ငံများမှ တင်သွင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့ရာတွင် ဗီယက်နမ်၏ သီဟိုဠ်စေ့ကုန်ကြမ်း ၈၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးသည့် အာဖရိကနိုင်ငံများသည် အဆိုပါစာရင်းတွင် မပါဝင်ကြောင်း ရေးသားဖော်ပြထားပါသည်။
ဆိုလိုသည်မှာ အာဖရိကမှ တင်သွင်းလာသော သီဟိုဠ်စေ့အားလုံးကို ပြည်ပသို့ တင်ပို့ရန် အတွက်သာ အသုံးပြုနိင်ပြီး ပြည်တွင်းဈေးကွက်တွင် မည်သည့်အကြောင်းကြောင့်မျှ ရောင်းချ၍ မရပေ။ ဗီယက်နမ်သီဟိုဠ်စေ့အသင်းမှ သီဟိုဠ်စေ့ပိုလျှံစာရင်းကို ကောင်းစွာ စီမံမခန့်ခွဲနိုင်ပါက ကုမ္ပဏီများအနေဖြင့် ဆုံးရှုံးမှုဖြစ်စေကာ ဒေဝါလီခံရနိုင်ဖွယ် အခြေအနေများအား အစိုးရထံ အဆိုပြုထားကြောင်း သိရှိရပါသည်။
သီဟိုဠ်စေ့စိုက်ပျိုးသူများ၏ ဝင်ငွေသည် လက်ရှိတွင် တစ်ဟက်တာလျှင် ဗီယက်နမ်ဒေါင် ၄၀ သန်းခန့်သာရှိပြီး လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ဈေးနှုန်းတည်ငြိမ်လုနီးပါးဖြစ်ခဲ့ကြောင်း၊ နှိုင်းယှဉ်ကြည့်ပါက ငရုတ်ကောင်းစိုက်ပျိုးသူများ၏ ဝင်ငွေသည် တစ်ဟက်တာလျှင် ဗီယက်နမ် ဒေါင် ၅၀၀ မှ ၆၀၀ သန်းအထိ မြင့်မားကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့ကုမ္ပဏီများအနေဖြင့် ပို့ကုန်မြှင့်တင်ရန်နှင့် ကမ္ဘာ့ဈေးကွက် တွင် တည်ရှိမှု အားကောင်းစေရန် စီမံဆောင်ရွက်သင့်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော သီဟိုဠ်စေ့ကုန်ကြမ်းရရှိမှု သေချာစေရန်အတွက် စိုက်ပျိုးဧရိယာများ ချဲ့ထွင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
သို့ဖြစ်ရာ ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့ကုန်ကြမ်းလိုအပ်နေသည့် ဈေးကွက်သို့ မြန်မာ နိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များအနက် သီဟိုဠ်စေ့ကုန်ကြမ်းတင်ပို့လိုသူများအတွက် နိုင်ငံခြား ဝင်ငွေ ရရှိနိုင်မည့် ဈေးကွက်တစ်ခုဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Source: Vietnam News
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)