China(Nanning)

တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးလမ်းပြမြေပုံ ရေးဆွဲရာတွင် စောင့်ကြည့်ရမည့် အချက်(၆)ချက်

Last Updated:

မကြာသေးမီက ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံတွင် ၂၀၂၅ ခုနှစ်အတွက် အဓိကလုပ်ငန်းစဉ်များကို ဖော်ပြထားပြီး လာမည့်နှစ်တွင် ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးအင်အားကြီးတရုတ်နိုင်ငံအတွက် စီးပွားရေးနှင့်ပတ်သက်သည့် ဦးတည်ချက်နှင့် ဦးစား ပေးမှုများကို ခန့်မှန်းနိုင်ကြောင်း သိရှိရပါသည်။

ပိုမိုတက်ကြွသော မက်ခရိုမူဝါဒများကို လက်ခံကျင့်သုံးခြင်း၊ ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ခြင်းနှင့် အိမ်ခြံမြေဈေးကွက် တည်ငြိမ်စေရန် ကြိုးပမ်းဆောင်ရွက်ခြင်းများ အပါအဝင် အစည်းအဝေးမှ မူဝါဒပိုင်းဆိုင်ရာကြေညာချက်များသည် တည်ငြိမ်သော စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်ရရှိမှုနှင့် စားသုံးသူစျေးနှုန်းများကို အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ပြည်သူများ ၏ဝင်ငွေကို မြှင့်တင်ပေးကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ပထမဆုံးတစ်ချက်မှာ တည်ငြိမ်သော စီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန် ဖြစ်ကြောင်း၊ ပြင်ပပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုများနှင့် စီးပွားရေး၌ ဆက်လက်ဖြစ်ပေါ်နေသော အခက်အခဲများကြောင့် ပြင်းထန်လာသော စိန်ခေါ်မှုများ ရှိနေသော်လည်း အဆိုပါအစည်းအဝေး တွင် တည်ငြိမ်သော စီးပွားရေးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားရန် တရုတ်နိုင်ငံက ကတိ ပြုခဲ့ကြောင်းနှင့် ဤကတိကဝတ်သည် စီးပွားရေး စဉ်ဆက်မပြတ်ပြန်လည်နာလန်ထူလာစေရန် နှင့် ပြည်သူများ၏ယုံကြည်မှုကို မြှင့်တင်ရန် ခိုင်မာသောအချက်ပြမှုတစ်ခုဖြစ်ကြောင်း သိရှိရ သည်။

နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် တရားဝင်အချက်အလက်များအရ ပေါင်းစပ်မူဝါဒအစီ အမံများ၏ အကျိုးသက်ရောက်မှုသည် ဆက်လက်တိုးတက်ခဲ့ပြီး စက်မှုထွက်ကုန်၊ ရင်းနှီးမြှုပ်နှံမှု၊ သုံးစွဲမှုနှင့် ဝန်ဆောင်မှုများကဲ့သို့သော အဓိကစီးပွားရေးညွှန်းကိန်းများတွင် ခိုင်မာသောရလဒ်များ ကို ရရှိခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကာ ယင်းပြဿနာများကို ဖြေရှင်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊ စတုတ္ထသုံးလပတ်ကတည်းက စီးပွားရေးသည် တဖြည်း ဖြည်း တိုးတက်လာသည်ကို ပြသလျက်ရှိပြီး ညီလာခံကျင်းပခြင်းအပြင် အစီအမံအသစ်များ နှင့်အတူ လက်ရှိမူဝါဒများ၏ အကျိုးသက်ရောက်မှုများကြောင့် စီးပွားရေး၏ အလုံးစုံတိုးတက်မှု အရှိန်အဟုန်သည် ပိုမိုအားကောင်းလာမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်ကောင်စီ၏ သုတေသ နရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Liu Rihong က ပြောကြားခဲ့သည်ဟု သိရှိရသည်။

နိုင်ငံတော်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစင်တာမှ သုတေသီတစ်ဦးဖြစ်သူ Xu Wei ၏ ပြောကြားချက်အရ မြို့ပြအသွင်ကူးပြောင်းမှု၊ ပတ်ဝန်းကျင်ထိခိုက်မရှိသောလုပ်ငန်း များနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးတို့က ဝယ်လိုအားကို ဆက်လက်တွန်းအားပေးလျက် ရှိရာ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် သိသာထင်ရှားသော ကောင်းကျိုးများကို ရရှိခဲ့ကြောင်း၊ နိုင်ငံ၏စီးပွားရေးသည် ပြင်ပမသေချာမရေရာမှုများကို ခံနိုင် ရည်ရှိကာ ရေရှည်တည်တံ့ခိုင်မြဲသော ပြန်လည်ဦးမော့လာမှုကို ရရှိရန် ခိုင်မာသောအခြေခံ အုတ်မြစ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရသည်။

ဒုတိယအချက်မှာ ကြိုတင်စီမံဆောင်ရွက်သည့်ဘဏ္ဍာရေးမူဝါဒကို ကျင့်သုံးခြင်းဖြစ် ကြောင်း၊ အစည်းအဝေးအရ တရုတ်နိုင်ငံသည် ပိုမိုတက်ကြွသောဘဏ္ဍာရေးမူဝါဒကို လက်ခံ ကျင့်သုံးခြင်း၊ မြင့်မားသည့် deficit-to-GDP ratio ကို ချမှတ်ခြင်း၊ ကာလရှည် အထူးငွေတိုက် စာချုပ်များနှင့် ဒေသန္တရအစိုးရ၏ အထူးငွေချေးစာချုပ်များကို ပိုမိုထုတ်ချေးခြင်း၊ ဘဏ္ဍာရေး အသုံးစရိတ်ဖွဲ့စည်းပုံကို ကောင်းမွန်စေရန်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စီမံကိန်းများ လျင်မြန်စွာအကောင်အထည်ဖော်နိုင်စေရန်နှင့် မြင်သာထင်သာရှိသော တိုးတက်မှုများရရှိစေရန်အတွက် ဘဏ္ဍာရန်ပုံငွေများ ထုတ်ပေးမှုနှင့် ခွဲဝေချထားမှု မြန်ဆန်ခြင်း ၏ အရေးပါမှုကို Liu က အလေးပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ညီလာခံတွင် ပြည်သူများ၏ လူမှုဘဝများ တိုးတက်စေရေး၊ စားသုံးမှုမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် တည်တံ့စေရေးတို့ကို ပိုမိုအာရုံစိုက်ခြင်းဖြင့် ဘဏ္ဍာရေး အသုံး စရိတ်ခွဲဝေမှုပုံစံကို ပိုမိုကောင်းမွန်စေရန်နှင့် ရန်ပုံငွေ သုံးစွဲရာတွင် ထိရောက်မှုကို မြှင့်တင်ရန် အလေးပေး ပြောကြားခဲ့ကြောင်း၊ ဘဏ္ဍာရေးအသုံးစရိတ်ဖွဲ့စည်းပုံကို ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ခြင်းသည် ပိုမိုတက်ကြွသည့်ဘဏ္ဍာရေးမူဝါဒ၏ အဓိကအစိတ်အပိုင်း တစ်ခုဖြစ် သည်ဟု Liu က ပြောကြားခဲ့ကြောင်း သိရှိရသည်။

အတန်အသင့်ဖြေလျှော့ထားသည့် ငွေကြေးမူဝါဒကို အကောင်အထည်ဖော်ခြင်းသည် တတိယအချက်ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် အတန်အသင့်ဖြေလျှော့ပေးသည့် ငွေကြေးမူဝါဒကို အကောင်အထည်ဖော်ရန် အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၁ ခုနှစ်က တည်းက တင်းကြပ်သည့်ငွေကြေးမူဝါဒကို ကျင့်သုံးခဲ့ကြောင်း၊ "တင်းကြပ်ခြင်း" မှ "အတန် အသင့် ဖြေလျှော့ခြင်း" သို့ ပြောင်းလဲခဲ့ခြင်းသည် စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် စျေးကွက်ယုံကြည်မှုကို မြှင့်တင်ရန်အတွက် ပိုမိုကောင်းမွန်၍ ငွေဖြစ်လွယ်သော ပတ်ဝန်းကျင်ကို ပံ့ပိုးပေးရာတွင် အထောက်အကူဖြစ်စေကြောင်း သိရှိရပါသည်။

ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ရန်၊ စားသုံးသူဈေးနှုန်းများ အလယ်အလတ်သို့ပြန်လည် ရောက်ရှိစေရန်နှင့် ငွေကြေးဆိုင်ရာ အန္တရာယ်များကို တားဆီးရန် လိုအပ်ခြင်းကြောင့် ယခုကဲ့သို့ ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျင့်သုံးသည့် ပိုမိုဖြေလျှော့သည့် ငွေကြေးမူဝါဒ များဆီသို့ တဖြည်းဖြည်း ပြောင်းလဲလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်ဟု သိရှိရသည်။

နိုင်ငံတော်၏ စီးပွားရေး ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများနှင့်ကိုက်ညီစေရန် အရန်ငွေကြေးလိုအပ်ချက်အချိုးအစားများနှင့် ဘဏ်အတိုးနှုန်းများကို လျှော့ချခြင်းအပြင်၊ ဖြေလျှော့ ထားသောငွေကြေးမူဝါဒတွင် ထုတ်လုပ်မှုစွမ်းအားသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ စက်မှုလုပ်ငန်းများအဆင့်မြှင့်တင်ရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အရင်းအနှီး ပိုမိုရရှိစေရန် ရည်ရွယ်သည့် ဆန်းသစ်တီထွင်ထားသည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ပါဝင်သင့်သည်ဟု Huang က ပြောကြားခဲ့ကြောင်း သိရှိရသည်။

စတုတ္ထအချက်မှာ ဘက်ပေါင်းစုံမှ ပြည်တွင်းလိုအပ်ချက်ကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ခြင်းသည် နိုင်ငံအား ပြင်ပမှလှုပ်ခတ်မှုများကို ရင်ဆိုင် ဖြေရှင်း နိုင်စေပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်အဟုန်မြှင့်တင်ပေးကာ တည်ငြိမ်သောစီးပွားရေး စွမ်းဆောင်ရည်ကို သေချာစေမည့် မဟာဗျူဟာမြောက် အရွေ့တစ်ခုဖြစ်သည်ဟု တရုတ်နိုင်ငံက ယူဆကြောင်း သိရှိရသည်။

မူဝါဒဆိုင်ရာ မက်လုံးအမျိုးမျိုးဖြင့် ပြည်သူများ၏ ဝယ်နိုင်စွမ်းအားနှင့် ဝယ်ယူလိုမှုကို မြှင့်တင်ရန်၊ စားသုံးမှုတိုးတက်ရေးအတွက် တွန်းအားသစ်များကို မြှင့်တင်ရန်နှင့် ပြုပြင်ပြောင်းလဲ မှုများမှတစ်ဆင့် ပြည်တွင်းဝယ်လိုအား၏ အလားအလာကို ထုတ်ဖော်ပြသရန် တရုတ်နိုင်ငံ အနေဖြင့် ကြိုးပမ်းသင့်သည်ဟု Liu က ပြောကြားခဲ့ကြောင်း သိရှိရသည်။

အကြီးစားစက်ကိရိယာများ အဆင့်မြှင့်တင်ခြင်းနှင့် လူသုံးကုန်ပစ္စည်းများအတွက် အဟောင်းပေးအသစ်ဝယ်ခြင်းတို့ကို မြှင့်တင်ရန်အတွက် ကာလရှည်အထူးငွေတိုက်စာချုပ်များ မှတစ်ဆင့် ရရှိသည့် ရန်ပုံငွေများသည် လာမည့်နှစ်တွင် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သိသိ သာသာ တိုးလာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးရေးရာ ဗဟိုကော်မတီရုံးမှ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရှိရသည်။

အိမ်ခြံမြေစျေးကွက်တည်ငြိမ်စေခြင်းမှာ ပဉ္စမအချက်ဖြစ်ကြောင်း၊  အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ၂၀၂၅ ခုနှစ်အတွက် အဓိကကျသည့်တာဝန်များအနက်မှတစ်ခုအနေဖြင့် တရုတ် နိုင်ငံသည် အိမ်ခြံမြေဈေးကွက် ကျဆင်းမှုကို ပြုပြင်ရန်နှင့် တည်ငြိမ်စေရန် ကြိုးပမ်းအားထုတ် သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရသည်။

အသေးစိတ်မူဝါဒများတွင် မြို့ကြီးများရှိ ချောင်ကျသောမြို့နယ်ခွဲများနှင့် ပျက်စီးနေသော အိမ်များကို ပြုပြင်မွမ်းမံခြင်း၊ အသစ်ထပ်တိုးအိမ်ခြံမြေများရောင်းချမှုကို ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်ခြင်း၊ ရှိရင်းစွဲမြေအရင်းအမြစ်များ၊ စီးပွားရေးအဆောက်အဦများနှင့် ရုံးခန်းများ၊ အိမ်ရာများကို ကောင်းမွန်စွာ အသုံးပြုခြင်း၊ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုပုံစံအသစ်ကို ဖော်ဆောင် ပေးခြင်းတို့ ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါမူဝါဒများသည် စျေးကွက်အတွင်း တိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထား နိုင်စေပြီး စျေးကွက်ယုံကြည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တွန်းအားများကို ပိုမိုမြှင့်တင်ပေး လိမ့်မည်ဖြစ်ကြောင်း Chinese Academy of Macroeconomic Research မှ သုတေသီ Liu Lin က ပြောကြားခဲ့သည်ဟု သိရှိရသည်။

ဆဌမမြောက်အချက်မှာ ဈေးကွက်ဖွင့်လှစ်မှုကို တိုးချဲ့ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေးတွင် တစ်ဖက်သတ်ဝါဒနှင့် အကာအကွယ်ပေးရေးဝါဒများ မြင့်တက်လာမှုကို ဆန့်ကျင် သည့်အနေဖြင့် တရုတ်နိုင်ငံသည် လာမည့်နှစ်တွင် နိုင်ငံခြားကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများကို တည်ငြိမ်အောင် ထိန်းသိမ်းကာ စံချိန်စံညွှန်းမြင့် ဈေးကွက်ဖွင့်လှစ်မှုကို မြှင့်တင်ရန် ကတိပြုခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် စံနှုန်းမြင့်သော နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် ဈေးကွက်ဖွင့်လှစ်မှုကို ဆက်လက်ဆောင်ရွက်ရန်အတွက် ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်များနှင့် ဟိုင်နန်လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းတို့ ကို ဆက်လက်အကောင်အထည်ဖော်သင့်သည်ဟု Liu Rihong က ပြောကြားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် တရုတ်နိုင်ငံသည် သတင်း ဆက်သွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု စသည့်နယ်ပယ်များ၌ ဈေးကွက်ဖွင့်လှစ်မည့် ရှေ့ပြေးအစီအစဉ်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပြီး အင်တာနက်နှင့် ယဉ်ကျေးမှု အပါ အဝင် ဝန်ဆောင်မှုကဏ္ဍများ ဖွင့်လှစ်နိုင်ရေး တဖြည်းဖြည့် အရှိန်မြှင့်တင်လျက်ရှိကြောင်း ဘဏ္ဍာ ရေးနှင့် စီးပွားရေးရေးရာ ဗဟိုကော်မတီရုံးမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

Source: https://www.chinadaily.com.cn/a/202412/19/WS6763e87aa310f1265a1d3df0.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 

 

 

 

Category: China(Nanning)