ဟောင်ကောင်ဒေသအနေဖြင့် risk assessmentနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုများပေးခြင်းဖြင့် အရှေ့အလယ်ပိုင်းဈေးကွက်သို့ ချဲ့ထွင်နိုင်မည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရ၊ ဘဏ္ဍာရေး ဝန်ကြီး Paul Chan က ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် တွင် “HK has role to play for Middle East businesses: FS” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။
ဘဏ္ဍာရေးဝန်ကြီးသည် ပုံမှန်ဈေးကွက်များအကြား ချိတ်ဆက်မှု ပိုမိုခိုင်မာစေရန်၊ ဈေးကွက် နှင့် အရင်းအနှီး ရင်းမြစ်အသစ်များ ရှာဖွေဖော်ထုတ်ရန် ၂၀၂၄ ခုနှစ်အတွင်း ဥရောပ၊ အမေရိကန်၊ ဩစတြေးလျနှင့် အရှေ့အလယ်ပိုင်းဒေသများသို့သွားရောက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ပထဝီနိုင်ငံရေး တင်းမာမှုများကြောင့် အရှေ့အလယ်ပိုင်းမှ ကုမ္ပဏီများသည် တရုတ်ပြည်မ၊ ဟောင်ကောင်နှင့် အခြားသော အာရှဒေသ ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန် လျက်ရှိကြောင်း၊ လုပ်ငန်းများသည် တစ်နိုင်ငံ စနစ်နှစ်မျိုး ကျင့်သုံးမှု၏ အခြေအနေမှန်နှင့် ၎င်းတို့ လုပ်ငန်းများ တရုတ်ပြည်မ၌ သွားရောက်ရင်းနှီးမြှုပ်နှံမှုအတွက် ဟောင်ကောင်ဒေသအနေဖြင့် လုပ်ဆောင်ပေးနိုင်မည့် အခြေအနေကို သိရှိကြောင်း rthk သတင်းဌာန၏ မူဝါဒရေးရာအစီအစဉ်၌ ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ထို့ပြင် အနောက်နိုင်ငံမီဒီယာများတွင် ဝေဖန်မှုများရှိနေသော်လည်း ဥရောပနှင့် အမေရိကန် နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများမှာ ဟောင်ကောင်ဒေသသို့ ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း၊ ဒေသအစိုးရအနေဖြင့်လည်း ဒေသစီးပွားရေး မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နှင့် အဆိုပါဆောင်ရွက်ချက်များတွင် တရုတ်ပြည်မမှ ဟောင်ကောင်ဒေသသို့ တစ်ဦးချင်း ခရီးသွား လာရောက်ခြင်းအစီအစဉ် ခွင့်ပြုသည့်မြို့များ ပိုမိုတိုးချဲ့ပေးရန်နှင့် ၎င်းတို့ ၏ duty-free allowance တိုးမြှင့်ရန် တရုတ်ပြည်မမှ တာဝန်ရှိသူများနှင့်ဆွေးနွေးခြင်း၊ ၂၀၂၂ ခုနှစ်မှစ၍ လုပ်ငန်းကြီးများကို ဟောင်ကောင်ဒေသသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်ခြင်း၊ အရည်အချင်းရှိသူများ ပြောင်း ရွှေ့ဝင်ရောက်ရေးအစီအစဉ်ဖြင့် ကမ်းလှမ်းခြင်းနှင့် အခမ်းအနားများကျင်းပခြင်းတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်ဟု စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ ပေကျင်းမြို့။