တရုတ်နိုင်ငံသည် မကြာသေးမီက နိုင်ငံတော်ကောင်စီအမှုဆောင်အစည်းအဝေး၌ အတည် ပြုခဲ့သော ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တည်ငြိမ်စေရန် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစီမံချက်ကို တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့က ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် ကောင်စီအထွေထွေရုံး၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စေရန် ရေးဆွဲခဲ့သော လုပ်ငန်းစီမံ ချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အရည်အသွေးမြင့်သော ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရာ တွင် အဓိကကျသော ကဏ္ဍတစ်ခုဖြစ်ပြီး အရည်အသွေးပြည့်ဝသော ကုန်ထုတ်စွမ်းအားသစ်များ မြှင့်တင်ရန်နှင့် တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်နေကြောင်း ဖော်ပြထားသည်ဟု သိရှိရသည်။
အဆိုပါစီမံချက်အရ တရုတ်နိုင်ငံသည် တန်ဖိုးမြှင့်ဆက်သွယ်ရေး၊ ဇီဝနည်းပညာနှင့် နိုင်ငံ ခြားသားပိုင်ဆေးရုံများကဲ့သို့သော နယ်ပယ်များတွင် ပွင့်လင်းမြင်သာသည့်မူဝါဒများကို စတင် အကောင်အထည်ဖော်မည့် ရှေ့ပြေးပြည်နယ်များကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် တယ်လီဖုန်းဆက်သွယ်ရေးနှင့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုစသည့် နယ်ပယ်များကို အချိန်နှင့်တစ်ပြေးညီ ဖွင့်လှစ်နိုင်ရန် ရှေ့ပြေးအစီအစဉ်များကို ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါစီမံချက်အရ တရုတ်နိုင်ငံသည် ပညာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများကို ထပ်မံဖွင့် လှစ်၍ အကောင်အထည်ဖော်မည့်အစီအစဉ်များကို ထုတ်ပြန်ကာ အဆိုပါအစီအစဉ်များကို တဖြည်းဖြည်း တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါစီမံချက်သည် ဝန်ဆောင်မှုကဏ္ဍကို ပိုမိုဖွင့်လှစ်နိုင်ရေးနှင့် ဇီဝဆေးပညာကဏ္ဍကို စနစ်တကျတစ်ဆင့်ချင်းဖွင့်လှစ်နိုင်ရေးတို့အတွက် အမျိုးသားရှေ့ပြေးအစီအစဉ်ကို တိုးချဲ့ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အပြင် နိုင်ငံ၏စာရင်းဝင်ကုမ္ပဏီများတွင် အရည်အသွေးမြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန်အတွက် နိုင်ငံခြားအစုရှယ်ယာရင်းနှီးမြှုပ်နှံမှုများကို တိုက်တွန်း အားပေးထားကြောင်းလည်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ပြည်တွင်းချေးငွေရရှိရန် ကန့်သတ်ချက်များကို ရုတ်သိမ်းမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီများကို အစုရှယ်ယာရင်းနှီးမြှုပ်နှံမှု များအတွက် ပြည်တွင်းဘဏ္ဍာငွေကို အသုံးပြုခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါအစီအစဉ်အရ သိရှိရသည်။
အဆိုပါစီမံချက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်မည့် အဓိကကဏ္ဍများကို အလေးပေးဖော်ပြထားပြီး အဆိုပါစီမံချက်အရ ပြည်ပလုပ်ငန်းရှင်များအား တိရစ္ဆာန်မွေးမြူရေး၊ အစာကျွေးသည့်ကိရိယာများ ထုတ်လုပ်ခြင်းနှင့် တိရစ္ဆာန်အစာနှင့်တိရစ္ဆာန်ဆေးဝါးများ ထုတ်လုပ် ခြင်းစသည့် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းအားပေးပြီး တရုတ်နိုင်ငံသားများနှင့် တန်းတူအခွင့်အရေးရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။
နည်းပညာမြင့်ကဏ္ဍများကို အလေးထားသည့်အနေဖြင့် တရုတ်နိုင်ငံ၏ စက်မှုဖွံ့ဖြိုးတိုး တက်မှုတွင် နိုင်ငံခြားကုမ္ပဏီများပါဝင်နိုင်စေရန် ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ အားကစား၊ ကျန်းမာရေး၊ အသက်မွေးဝမ်း ကျောင်းပညာရေးနှင့် ဘဏ္ဍာရေးစသည့် ဝန်ဆောင်မှုကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုလျက်ရှိကြောင်း သိရှိရပါသည်။
ထို့အပြင် ပြည်တွင်းထုတ်ကုန်များအား အစိုးရဝယ်ယူရေးဆိုင်ရာ စံနှုန်းများကို ရှင်းလင်း စွာ သတ်မှတ်ပေးရန်နှင့် တရုတ်နိုင်ငံအတွင်း ပိုင်ဆိုင်မှုကွဲပြားသော လုပ်ငန်းများမှ ထုတ်လုပ် သော ကုန်ပစ္စည်းများကို အစိုးရဝယ်ယူရေးလုပ်ငန်းများတွင် ညီတူညီမျှပါဝင်နိုင်စေရေးအတွက် အစီအမံများဆောင်ရွက်ရန် လိုအပ်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။
အဆိုပါစီမံချက်ကို အခုလအစောပိုင်းက ကျင်းပခဲ့သည့် နိုင်ငံတော်ကောင်စီ အလုပ်အမှု ဆောင်အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး အစည်းအဝေး၌ အလုပ်အကိုင်၊ ပို့ကုန်တည်ငြိမ်ရေးနှင့် စက်မှုအဆင့်မြှင့်တင်ရေးတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အရေးကြီးသောအခန်း ကဏ္ဍကို အလေးပေးဖော်ပြခဲ့ကာ လက်ရှိရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ထိန်းသိမ်းရန်နှင့် အသစ်များကို ဆွဲဆောင်ရန်အတွက် လက်တွေ့ကျပြီး ထိရောက်သော အစီအမံများကို တိုက်တွန်း ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်ပေါင်း (၅၉,၀၈၀)ကို တည်ထောင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၉.၉)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် နှစ်စဉ် ပြည်ပရင်းနှီးမြှုပ်နှံမှု ယွမ်(၁)ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၃၉.၅ ဘီလီယံခန့်) ကို ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
Source: https://english.news.cn/20250219/390ccb9e122b43f2900e7c3fd7aa3a07/c.html
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)