China(Nanning)

တရုတ်နိုင်ငံ၏ ငှက်ပျောသီးတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် (၃)နှစ်ဆက်တိုက် ကျဆင်းခဲ့

Last Updated:

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ငှက်ပျောသီးတင်သွင်းမှုသည် စုစုပေါင်းမက်ထရစ်တန် ချိန်(၁.၆၈၇)သန်းသာရှိပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၄.၆)% ကျဆင်းသွားကာ (၄)နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ တည်ငြိမ်သောစျေးကွက်ဝယ်လိုအားနှင့် ထောက်ပံ့ ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးစနစ်များ တိုးတက်ကောင်းမွန်မှုကြောင့် ၂၀၂၁ ခုနှစ်တွင် ငှက်ပျောသီးတင်သွင်းမှုသည် မက်ထရစ်တန်ချိန်(၁.၈၆၄)သန်းအထိအမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် တင်သွင်းမှုသည် မက်ထရစ်တန်ချိန် (၁.၈၁၀)သန်း၊ တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ (၁.၁၆)ဘီလီယံဖိုးအထိ ကျဆင်းသွားကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မက်ထရစ် တန်ချိန် (၁.၇၆၈)သန်းအထိ ကျဆင်းခဲ့ကာ ယခင်နှစ်ကထက် မက်ထရစ်တန်ချိန် (၄၂,၀၀၀) လျော့ကျ သွားခဲ့ကြောင်း၊ ခြုံငုံကြည့်လျှင် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ငှက်ပျောသီး တင်သွင်းမှုသည် တစ်သမတ်တည်း ကျဆင်းသွားသည်ကို ဖော်ပြလျက်ရှိကြောင်း သိရှိရပါသည်။

ငှက်ပျောသီးတင်သွင်းမှု ကျဆင်းရခြင်းမှာ ပြည်တွင်း၌ ငှက်ပျောစိုက်ပျိုးမှု တိုးတက်လာ ခြင်းနှင့် ပြည်ပမှ ရောင်းလိုအား မတည်ငြိမ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ စိုက်ပျိုးနည်းစနစ်များ တိုးတက်လာခြင်းကြောင့် တရုတ်နိုင်ငံ၏ အချို့နေရာများတွင် ငှက်ပျောစိုက်ပျိုးဧရိယာများ မြင့်တက်လာပြီး ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ပေးကာ  တရုတ်နိုင်ငံ၏ သွင်းကုန်အပေါ် မှီခို အားထားမှုကို လျှော့ချနိုင်စေခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားတို့ ကဲ့သို့သော ငှက်ပျောသီး ပုံမှန်ရောင်းချသည့်နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များနှင့်အတူ ပနားမားရောဂါပျံ့နှံ့မှုကြောင့် ထုတ်လုပ်မှုနှင့် တင်ပို့မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံသို့ တင်ပို့မှု လျော့နည်းသွားခဲ့ကြောင်း၊ ထို့အပြင် စျေးကွက်တွင် သစ်သီးမျိုးစုံ ရရှိနိုင် လာခြင်းကလည်း ငှက်ပျောသီး၏ စျေးကွက်ဝေစုကို လျော့ကျစေခဲ့ကြောင်း၊  စားသုံးသူများ၏ ဝယ်နိုင်စွမ်းအားအပေါ် စီးပွားရေးအတက်အကျ သက်ရောက်မှုများနှင့်အတူ အဆိုပါအချက် များသည် ငှက်ပျောသီးဝယ်လိုအားကို ကျဆင်းသွားစေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ငှက်ပျောသီးရောင်းဝယ်ရေးသည် မကြာသေးမီနှစ်များအတွင်း သိသာထင်ရှားသော အပြောင်းအလဲများ ကြုံတွေ့ခဲ့ရကြောင်း၊ တရုတ်အကောက်ခွန်၏ အချက်အလက်များအရ ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံကို ကျော်တက်သွားပြီး တရုတ်နိုင်ငံသို့ ငှက်ပျော သီးအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာကာ မက်ထရစ်တန်ချိန် (၆၂၅,၀၀၀)ခန့်နှင့် တရုတ်နိုင်ငံ၏ ငှက်ပျောသီးတင်သွင်းမှု စုစုပေါင်း၏ (၃၇)% ရှိကြောင်း၊ ၎င်းနောက်တွင် ဖိလစ်ပိုင်၊ အီကွေဒေါနှင့် ကမ္ဘောဒီးယားတို့ရှိနေပြီး အဆိုပါ(၄)နိုင်ငံသည် တရုတ်နိုင်ငံ၏ ငှက်ပျော်သီးတင်သွင်းမှု စုစုပေါင်း ၏ (၉၃)ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံသို့ ငှက်ပျောသီး အများဆုံး တင်ပို့ရောင်း ချခဲ့ပြီး မက်ထရစ်တန်(၈၄၇,၀၀၀)တင်ပို့ခဲ့ကာ ကမ္ဘောဒီးယားက မက်ထရစ်တန်ချိန် (၃၅၉,၀၀၀)၊ ဗီယက်နမ်က မက်ထရစ်တန်ချိန် (၃၅၄,၀၀၀)နှင့် လာအိုက မက်ထရစ်တန်ချိန် (၇၃,၉၀၀) အသီးသီးတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် ငှက်ပျောသီးကို ဖိလစ်ပိုင် (၇၂၅,၀၀၀ မက်ထရစ်တန်)၊ ဗီယက်နမ် (၄၆၉,၀၀၀ မက်ထရစ်တန်)၊ ကမ္ဘောဒီးယား (၃၃၇,၀၀၀ မက်ထရစ်တန်) နှင့် အီကွေဒေါ (၂၀၀,၀၀၀ မက်ထရစ်တန်)တို့မှ အဓိကတင်သွင်းခဲ့ပြီး အဆိုပါလေးနိုင်ငံသည် စုစုပေါင်းတင်သွင်းမှု၏ (၉၅.၆)ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်မှ မက်ထရစ်တန်ချိန် (၆၈၆,၀၀၀)ဖြင့် အများဆုံးတင်သွင်းခဲ့ပြီး ဗီယက်နမ်မှ မက်ထရစ်တန်ချိန် (၅၀၆,၀၀၀)၊  အီကွေဒေါနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ခန့်မှန်းခြေ မက်ထရစ်တန်ချိန် (၂၆၆,၀၀၀)နှင့် (၂၆၃,၀၀၀)တို့ အသီးသီးတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ ဗီယက်နမ်၏ ငှက်ပျောသီးတင်ပို့မှု သိသိသာသာ တိုးလာခြင်းသည် အဓိက အားဖြင့် အချက်နှစ်ချက်ကြောင့်ဖြစ်ကြောင်း၊ ပထမအချက်မှာ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ၏ ပထဝီဝင်အနေအထားအရ သယ်ယူပို့ဆောင်မှုစရိတ်စကများကို သက်သာစေပြီး ဒုတိယအချက် မှာ ၂၀၂၂ ခုနှစ်တွင် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် ငှက်ပျောသီးကို တရုတ်နိုင်ငံသို့ တရားဝင်ဈေးကွက်ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းသည် ဗီယက်နမ်ငှက်ပျောသီးတင်ပို့မှုကို သိသိသာသာ မြှင့်တင်ပေးခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိအနေအထားအရ ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ငှက်ပျောသီးတင်သွင်းမှုသည် မက်ထရစ်တန်ချိန် (၁.၆)သန်းမှ (၁.၇)သန်းအကြားတွင် ဆက်လက်ရှိနေနိုင်ဖွယ်ရှိကာ ကျဆင်း နေမည့်အနေအထားရှိကြောင်း၊ တစ်ဖက်တွင်လည်း ပြည်တွင်း၌ ငှက်ပျောသီးစိုက်ပျိုးမှုသည် တိုးတက်လျက်ရှိရာ ပို၍အထွက်တိုးရန် မျှော်မှန်းထားကြောင်း၊  အခြားတစ်ဖက်တွင် ဗီယက်နမ် နှင့် လာအိုတို့ကဲ့သို့ နိုင်ငံများသည် တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှုကို ဆက်လက်တိုးချဲ့နိုင် သော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်မှု၊ အခြားနိုင်ငံများတွင် ငှက်ပျောသီး ထုတ်လုပ်မှု ပြန်လည်ဦးမော့လာမှုနှင့် တရုတ်ဈေးကွက်အတွင်း ဝယ်လိုအားအပြောင်းအလဲစသည့် အကြောင်း အရင်းများသည် ငှက်ပျောသီးတင်သွင်းမှု တိုးတက်မည့်အလားအလာကို ကန့်သတ်ထားဆဲဖြစ် ကြောင်း သိရှိရပါသည်။

Source: https://www.producereport.com/article/chinas-banana-imports-fall-third-consecutive-year-2024

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)