Germany

ဂျာမန်စီးပွားရေးသည် တတိယသုံးလပတ်တွင် မျှော်မှန်းထားခဲ့သည်ထက် နှေးကွေးနေ

Last Updated:

ဂျာမန်စီးပွားရေးသည် ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် လေ့လာသူများ မျှော်မှန်းထားခဲ့သည် ထက် ဖွံ့ဖြိုးတိုးတက်မှု လျော့နည်းခဲ့ကြောင်း The Federal Statistical Office (Destatis)က     ၂၂-၁၁-၂၀၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏ ဂျီဒီပီသည် ဒုတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ပဏာမခန့်မှန်းချက်ဖြစ်သော ၀.၂ ရာခိုင်နှုန်းထက် လျော့နည်းကာ ၀.၁ ရာခိုင်နှုန်းခန့်သာ တိုးတက်မှုရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျာမနီသည် ယခုနှစ်တွင် သုံးလပတ် နှစ်ပတ်ဆက်တိုက် စီးပွားရေးကျုံ့သွားသည်ဟု သတ်မှတ် ခံရနိုင်ဖွယ်ရှိသည့် စီးပွားရေးကျဆင်းမှုတစ်ခုကို ပွတ်ကာသီကာ ရှောင်ရှားခဲ့ပြီးဖြစ်သည်။

အိမ်ထောင်စုများ၏ သုံးစွဲမှုမှာ ပြီးခဲ့သည့် သုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်းခန့်သာ အနည်းငယ်မြင့်တက်ခဲ့ပြီး အစိုးရအသုံးစရိတ်မှာမူ ၀.၄ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း သိရှိရ ပါသည်။

ဂျာမနီနိုင်ငံ၏ စီးပွားရေးတွင် အဓိကကျသော ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုသည် ၂.၄ ရာခိုင်နှုန်း ခန့် ကျဆင်းခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရုရှားမှ ယူကရိန်းသို့ ကျူးကျော်ဝင်ရောက် ခဲ့ခြင်းတို့၏ အကျိုးသက်ရောက်မှုကြောင့် စက်မှုလုပ်ငန်းများ၌ အမှာအော်ဒါရရှိမှုများ ကျဆင်း သွားခြင်းနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုမှာ ကျဆင်းနေပြီဖြစ်သော်လည်း နိုင်ငံအနေဖြင့် စီးပွားရေးကဏ္ဍဆိုင်ရာ အနှောင့်အယှက်များကို ရှောင်ရှားနိုင်ရေးအတွက် ရုန်းကန်နေရဆဲဖြစ်ပါသည်။ စီးပွားရေး အဆင်မပြေမှုများအထဲမှ သိသာအထင်ရှားဆုံး ဥပမာတစ်ခုမှာ တစ်ချိန်က ဂျာမန်ချမ်းသာ ကြွယ်ဝမှုအဖြစ် တင်စားနိုင်သော Volkswagen ကုမ္ပဏီသည် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရပြီး ၎င်း၏ဘတ်ဂျက်မှ ဘီလီယံနှင့်ချီသော အသုံးစရိတ်များကို လျှော့ချနိုင်‌ရန်နှင့် နိုင်ငံတစ်ဝှမ်းရှိ စက်ရုံအများအပြားကို ပိတ်သိမ်းရန် ကြိုးစားနေသည့်အချက် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမှန်မှာ ယခုလ(နိုဝင်ဘာလ)အစောပိုင်းတွင် ဝန်ကြီးချုပ် Mr. Olaf Scholz ၏ ညွန့်ပေါင်း အစိုးရ ပြိုကွဲခဲ့ခြင်းကြောင့် လတ်တလောတွင် ဂျာမနီ၏စီးပွားရေးမှာ လူအများအတွက် အပြစ်တင်စရာ ဖြစ်နေခဲ့ပါသည်။

ငွေကြေးဖောင်းပွမှု ဆက်လက်ကျဆင်းနေခြင်းနှင့် ပျမ်းမျှလုပ်အားခ အနည်းငယ်မြင့်တက်လာခြင်း တို့သည် ယခုနှစ် နောက်ဆုံးသုံးလပတ်၏ စားသုံးသူအသုံးစရိတ်အပေါ် တွန်းအားပေးလိမ့်မည်ဟု စီးပွားရေးပညာရှင်များက မျှော်လင့်နေကြကြောင်း ဖော်ပြထားပါသည်။

 

ဒေါ်သန္တာစော၊စီးပွားရေးသံမှူး၊ ဘာလင်မြို့။

Category: Germany