USA

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ စီးပွားရေးဆိုင်ရာဝန်ကြီးများ ရွေးချယ်မှု

Last Updated:

နိုဝင်ဘာလတတိယရက်သတ္တပတ်တွင် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည် ဘဏ္ဍာရေး ဝန်ကြီးဌာန(Department of Treasury)ကို ဦးဆောင်ရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် Mr. Scott Bessent အား ရွေးချယ်ခဲ့ပြီး Mr. Scott Bessent သည် အသက် (၆၂) နှစ်အရွယ် Key Square Capital Management ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို တည်ထောင်သူတစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် သန်းကြွယ် သူဌေး Mr. George Soros ၏ Soros Fund Management လုပ်ငန်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမှုဆောင် အရာရှိချုပ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရှိရပါသည်။

Mr. Scott Bessent သည် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံသူတစ်ဦး ဖြစ်သကဲသို့ ၎င်း၏အဓိကစီးပွားရေးအကြံပေးတစ်ဦးလည်းဖြစ်ကြောင်း၊ ထို့အပြင် ဒေါ်နယ်ထရမ့်၏ စီးပွားရေးမူဝါဒဖြစ်သည့် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းကြောင့် အမေရိကန်စားသုံးသူများ အပေါ် ဈေးနှုန်းမြင့်တက်စေမည်ဟူသော အယူအဆကို ကန့်ကွက်သူတစ်ဦးလည်းဖြစ်ကြောင်း၊ အထက်လွှတ်တော်က ၎င်း၏ခန့်အပ်မှုကို အတည်ပြုပါက Mr. Scott Bessent သည် ဒေါ်နယ်ထရမ့် ၏ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်မူဝါဒကတိကဝတ်ဖြစ်သည့် သွင်းကုန်များအပေါ် အကောက်ခွန် နှုန်း သတ်မှတ်ကောက်ခံခြင်းနှင့် မေတ္တာကြေးအပေါ်အခွန်ကင်းလွတ်ခွင့် (No tax on tips) ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားသူတစ်ဦးလည်းဖြစ်ကြောင်း သိရှိရပါသည်။

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က Mr.Scott Bessent သည် “အမေရိကန်သည်သာပထမ (America First Agenda)” ဟူသော အယူအဆကို အများပြည်သူလက်ခံလာအောင် ကာလကြာရှည် စွာ စည်းရုံးပြောဆိုလျက်ရှိသူဖြစ်ပြီး လာမည့်စီးပွားရေးတိုးတက်မှုဖြစ်စဉ်တွင် အမေရိကန်နိုင်ငံသား တစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်စေရန် ဦးဆောင်သွားမည့်သူတစ်ဦး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်အတွင်း၌လည်း ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ၎င်းအား စတော့ရှယ်ယာဈေးကွက်အသိုင်းအဝိုင်းတွင် အတော်ဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟုလည်း ချီးကျူးခဲ့ကြောင်း သိရှိရပါသည်။

Mr. Scott Bessent က ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် အကယ်၍ ဒုတိယ သမ္မတကမ်မလာဟဲရစ်သည် ရွေးကောက်ပွဲအနိုင်ရရှိခဲ့လျှင် စတော့ဈေးကွက်ပြိုလဲနိုင်သည်ဟု ပြောဆိုခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ ၎င်းအနေဖြင့် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ စီးပွားရေးမူဝါဒကို ထောက်ခံပြီး ယင်းမူဝါဒသည် အမေရိကန် စီးပွားရေးကိုထိခိုက်စေမည်ဟူသော စီးပွားရေးနိုဘယ်ဆုရှင်များ၏အဆိုကို ကန့်ကွက်ကြောင်းလည်း Wall Street Journal သတင်းစာ၌ ဆောင်းပါးရေးသားခဲ့သူလည်းဖြစ်ကြောင်း၊ ထို့အပြင် ၎င်းက ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်အား “3-3-3” policy ကို အသုံးပြုရန် အကြံပြုသူဖြစ်ကြောင်း၊ “3-3-3” policy ဆိုသည်မှာ ၂၀၂၈ ခုနှစ်တွင် ဘတ်ဂျက်လိုငွေကို ဂျီဒီပီ၏ (၃)ရာခိုင်နှုန်းအထိ လျှော့ချရန်၊ လုပ်ထုံးလုပ်နည်းများကိုလျှော့ချ၍ ဂျီဒီပီ (၃)ရာခိုင်နှုန်းတိုးလာစေရန်နှင့် တစ်ရက်လျှင်ရေနံစည်ပေါင်း(၃)သန်း သို့မဟုတ် လက်ရှိထုတ်လုပ် သည့် ပမာဏထက်စည်ပေါင်း(၃)သန်းထပ်တိုးထုတ်လုပ်ရန် ဟူ၍ ဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းသတ်မှတ်ကောက်ခံမည့်မူဝါဒသည် ခြိမ်းခြောက်မှုတစ်ရပ်မဟုတ်ဘဲ ဆွေးနွေး ညှိနှိုင်းမှုမဟာဗျူဟာတစ်ရပ် (a negotiating strategy) ဖြစ်သည်ဟုလည်း ၎င်းကဆိုကြောင်း သိရှိရ ပါသည်။

Mr. Scott Bessent သည် နယူးယောက်ဘဏ္ဍာရေးလုပ်ငန်း အသိုင်းအဝိုင်းတွင်လူသိများသူ ဖြစ်သော်လည်း ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း အတည်ပြုခဲ့သော အမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာ ကုန်ကျနိုင်သည့် ၂၀၁၇ ခုနှစ် အခွန်ဥပဒေ (Tax Cuts and Job Act) သည် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ ယင်းကိုအတည်ပြုနိုင်ရေးအတွက် ၎င်းအနေဖြင့် လွှတ်တော်အတွင်း ရီပတ်ဘလစ်ကန်ကိုယ်စားလှယ်များနှင့် ဆက်ဆံရေးတည်ဆောက်ရန် လိုအပ် မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည် အော်ရီဂွန်ပြည်နယ်၊ ရီပတ်ဘလစ်ကန် လွှတ်တော်ကိုယ်စားလှယ် Ms. Lori Chavez-DeRemer အား အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် လည်းကောင်း၊ သမ္မတအိမ်ဖြူတော် စီမံခန့်ခွဲမှုနှင့်ဘတ်ဂျက်ရုံး (Office of Management and Budget, OMB) ကို ဦးဆောင်ရန်အတွက် Mr. Russell Vough အားလည်းကောင်း နိုဝင်ဘာလ တတိယရက်သတ္တပတ်အတွင်း ရွေးချယ်ခဲ့သည်ဟု သိရှိရပါသည်။

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်အနေဖြင့် နိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အရေးပါသည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကို    ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ Cantor Fitzgerald ၏ အမှုဆောင်အရာရှိချုပ်နှင့် ၎င်း၏တာဝန်လွှဲပြောင်းရေးလုပ်ငန်းအဖွဲ့ (Transition Team) ပူးတွဲ ဥက္ကဋ္ဌ Mr. Howard Lutnick ကိုလည်းကောင်း၊ စွမ်းအင်ဝန်ကြီးအဖြစ် Liberty Energy ၏ အမှုဆောင် အရာရှိချုပ် Mr. Chris Wright ကိုလည်းကောင်း၊ စိုက်ပျိုးရေးဝန်ကြီးအဖြစ် American First Policy Institute ၏ ဥက္ကဋ္ဌ Ms. Brooke Rollins ကိုလည်းကောင်း အသီးသီးရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။ ဒေါ်နယ်ထရမ့်အနေဖြင့် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများကို ပြန်လည်ပြင်ဆင်ရေးဆွဲသွား လိုသည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးရွေးချယ်ခဲ့ပြီးနောက် ပြောကြားခဲ့ကြောင်း၊ Mr. Howard Lutnick အား ရွေးချယ်ကြောင်း ထုတ်ပြန်ချက်တွင် “Mr. Howard Lutnick သည် ကုန်သွယ်ရေးနှင့် အကောက်ခွန်မူဝါဒများကို ဦးဆောင်သွားမည်ဖြစ်ပြီး အမေရိကန်ကုန်သွယ်မှု ကိုယ်စားလှယ်ရုံး၏ တိုက်ရိုက်တာဝန်ဝတ္တရားများကိုပါ ထမ်းဆောင်ရမည်” ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

ယင်းထုတ်ပြန်ချက်ပါ ဖော်ပြချက်နှင့်ပတ်သက်၍ ကုန်သွယ်ရေးမူဝါဒကျွမ်းကျင်ပညာရှင်များ က ယင်းသို့ဆောင်ရွက်ခြင်းသည် ကုန်သွယ်ရေးမူဝါဒအပေါ် လွှတ်တော်နှင့် ဒေါ်နယ်ထရမ့်အစိုးရတို့ အကြား မည်သူကထိန်းချုပ်မည်ဆိုသည့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော်ကိုယ်စားလှယ်နှင့် အောက်လွှတ်တော် Ways and Means Committee အဖွဲ့ဝင် Mr. Richard Neal က ကုန်သွယ်ရေးကိုယ်စားလှယ် (United States Trade Representative, USTR)သည် သီးခြားရပ်တည်ရန် အလွန်အရေးကြီးသကဲ့သို့ လွှတ်တော်၏ အခွင့်အာဏာကို ပြဋ္ဌာန်းသည့်ဌာနခွဲတစ်ခုလည်းဖြစ်ကြောင်း၊ USTR ကို လွှတ်တော်က ဖွဲ့စည်းထား ခြင်းဖြစ်ကြောင်းနှင့် ဖျက်သိမ်းမည်ဆိုပါက လွှတ်တော်ကသာ ဖျက်သိမ်းခွင့်ရှိသည်” ဟု ဆိုကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိဟောင်းနှင့် လက်ရှိတွင် မူဝါဒနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာမှုဌာန (Center for Strategic and International Studies, CSIS)၏ အပြည်ပြည်ဆိုင်ရာစီးပွားရေးဌာနခွဲ၊ ဥက္ကဋ္ဌ Mr. Bill Reinsch က “USTR ၏ အခန်းကဏ္ဍကို ဖန်တီး သည့်ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး ၎င်းကို သမ္မတရုံး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း၊ USTR နှင့် ကုန်သွယ်ရေးမူဝါဒကို ကြီးကြပ်သည့် လွှတ်တော်ကော်မတီနှစ်ရပ်ရှိရာ အောက်လွှတ်တော်တွင် Ways and Means Committee နှင့် အထက်လွှတ်တော်တွင် ဘဏ္ဍာရေး ကော်မတီတို့ဖြစ်ကြောင်း၊ ယင်းကော်မတီနှစ်ရပ်က ထိုသို့ဖျက်သိမ်းမည့်ကိစ္စကို သက်ညာစွာလက်ခံ မည်မဟုတ်” ဟုလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ကူးသန်းရောင်းဝယ်ရေးကော်မတီများက ကြီးကြပ်ပြီး ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်များနှင့်ပတ်သက် ၍ အမျိုးသားလုံခြုံရေးကိုအခြေခံသည့် ကန့်သတ်မှုများချမှတ်ခြင်းနှင့် မျှတမှုမရှိသည့် ကုန်စည်များ အပေါ် ဒဏ်ပေးခြင်းစသည်တို့အပါအဝင် ကုန်သွယ်ရေးဆိုင်ရာ အချို့ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ရပါကြောင်း၊ ၁၉၆၂ ခုနှစ်တွင် လွှတ်တော်က USTR ကို တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံများနှင့်ကုန်သွယ်ရေးသဘောတူညီချက်များ၊ အကောက်ခွန် မူဝါဒများကို ဆွေးနွေးညှိနှိုင်းမည်ဟူသော မဟာဗျူဟာကျသည့်ဆုံးဖြတ်ချက်များကို ဦးဆောင်ဦးရွက် ပြုရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ USTR ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် ထည့်သွင်းမည့် အယူအဆပေါ်ပေါက်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်ဟု ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်၏ ပထမသက်တမ်းအတွင်း အပြည်ပြည်ဆိုင်ရာစီးပွားရေးရာနှင့်ပတ်သက်၍ တာဝန်ယူခဲ့သည့်  ဒုတိယလက်ထောက်ဟောင်း Mr. Everett Eissensat က ဆိုကြောင်း သိရှိရပါသည်။

ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း မြောက်အမေရိကလွှတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ် (North American Free Trade Agreement, NAFTA) ကို ပြန်လည် ညှိနှိုင်းရန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Wilbur Ross အား ဦးဆောင်ညှိနှိုင်းသူအဖြစ် ကနဦး သတ်မှတ်ခဲ့သော်လည်း ဒေါ်နယ်ထရမ့်သမ္မတတာဝန်ယူပြီး (၄)လအကြာ Mr. Rober Lighthizer အား USTR အဖြစ် ခန့်အပ်ပြီးနောက်တွင် အခြေအနေပြောင်းလဲခဲ့ကြောင်း သိရှိရပါသည်။

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

 

Category: USA