USA

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က မြောက်အမေရိကကုန်သွယ်မှုသဘောတူစာချုပ်ဝင်နိုင်ငံများ ကို သတိပေးခဲ့

Last Updated:

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က မြောက်အမေရိက လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ကို ပြင်ဆင်ရေးဆွဲလိုကြောင်း သတိပေးခဲ့ပြီး ယင်းသို့ ကမ္ဘာ့ကုန်သွယ်မှုစနစ်များကို ပြင်ဆင်ခြင်းဖြင့် အမေရိကန်နိုင်ငံအတွက် ပေးဆပ်ရမည့်အဖိုးအခမြင့်မားနိုင်သော်လည်း ၎င်းအနေ ဖြင့် ဆက်လက်ဆောင်ရွက်မည်ဟု အလေးအနက်ထားပြောကြားခဲ့ကြောင်း၊ ကနေဒါနှင့် မက္ကဆီ ကိုနိုင်ငံတို့သည် တရားမဝင်ရွှေ့ပြောင်းသွားလာမှုနှင့် Fentanyl မူးယစ်ဆေးဝါးအလွဲသုံးစား လုပ်မှုကို ဖြေလျော့ပေးလျက်ရှိသည်ဟုစွပ်စွဲလျက် ယင်းနှစ်နိုင်ငံမှသွင်းကုန်အားလုံးကို (၂၅) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဟု ၂၅-၁၁-၂၀၂၄ ရက်တွင် ၎င်း၏ Truth လူမှုကွန်ရက် တွင် ရေးသားဖော်ပြခဲ့ကြောင်း၊ ထိုသို့ဖော်ပြပြီး နောက်တစ်ရက်တွင် မက္ကဆီကိုငွေကြေးပီဆိုတန်ဖိုး သည် (၁.၄) ရာခိုင်နှုန်းနှင့် ကနေဒါဒေါ်လာတန်ဖိုး (၁) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံသည်လည်း  Fentanyl မူးယစ်ဆေးဝါးသုံးဓာတုပစ္စည်းများကို ထိန်းချုပ်ရန် ပျက်ကွက် သဖြင့် အကောက်ခွန်နှုန်း (၁၀) ရာခိုင်နှုန်းကို ထပ်တိုးသတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း၊ ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက်တွင် တရုတ်ယွမ်ငွေတန်ဖိုးသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးနှင့် နှိုင်းယှဉ် ပါက (၀.၃) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံမှ သွင်းကုန် အများစုကို အကောက်ခွန်နှုန်း (၁၅) ရာခိုင်နှုန်းဖြင့် ၂၀၁၈ ခုနှစ်၊ ကုန်သွယ်ရေးစစ်ပွဲစတင် သည့်အချိန်မှစ၍ သတ်မှတ်ကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။

ဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းတိုးမြှင့်သတ်မှတ်မည့်ကိစ္စရပ်နှင့်ပတ်သက်၍ မက္ကဆီကို သမ္မတ Ms. Claudia Sheinbaum က ၂၀၁၈ ခုနှစ်တွင်၊ အမေရိကန်၏အကောက်ခွန်နှုန်းတိုးမြှင့်မှု အပေါ်တုံ့ပြန်သည့်အနေဖြင့် U.S. Steel ကုမ္ပဏီ၏ သံမဏိပို့ကုန်များကို မက္ကဆီကိုနိုင်ငံက အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခဲ့ပြီး အမေရိကန်နိုင်ငံမှတင်ပို့သည့် ဝက်သား၊ ထောပတ်၊ ပန်းသီး နှင့် Bourbon ဝီစကီတို့ကိုလည်း အကောက်ခွန်နှုန်းသတ်မှတ်ကောက်ခံခဲ့သည်ဟု ပြောကြားခဲ့ ကြောင်း၊ ထိုသို့အပြန်အလှန် အကောက်ခွန်သတ်မှတ်ကောက်ခံခဲ့သဖြင့် နောက်ဆုံးတွင် အကောက်ခွန်နှုန်း လျှော့ချရန် နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းခဲ့ရပါကြောင်း၊ ထို့အပြင် မက္ကဆီကိုသမ္မတက သမ္မတဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းတိုးမြှင့်သတ်မှတ်မှုသည် အမေရိကန်နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းစဉ် သို့မဟုတ် မူးယစ်ဆေးဝါးအသုံးပြုမှုကို ဖြေရှင်းရန်အတွက် နည်းလမ်း တစ်ရပ်မဟုတ်ဟုလည်းဆိုကြောင်း၊ အကောက်ခွန်နှုန်းတစ်ခုပြီးတစ်ခု သတ်မှတ်ကောက်ခံပါက ကုမ္ပဏီများသာ အန္တရာယ်နှင့်ကြုံတွေ့ရနိုင်ကြောင်း၊ ထို့အပြင် ၎င်းက အမေရိကန်မော်တော်ယာဉ် ကုမ္ပဏီများဖြစ်သည့် General Motors ၊ Stellantis နှင့် Ford တို့သည် မက္ကဆီကိုနိုင်ငံ၌ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်မှာ နှစ်ပေါင်း (၈၀) ခန့်ရှိပြီဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဒေါ်နယ်ထရမ့်၏ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံသည် ကုန်သွယ်မှုကို အကာအကွယ်ပေး သည့်စနစ်ကို ၎င်း၏ရပ်တည်ချက်အဖြစ်ဆုပ်ကိုင်လျက် အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံများအကြား ကုန်သွယ်မှုဖြတ်တောက်ရာတွင် အကောက်ခွန်နှုန်းသတ်မှတ်ကောက်ခံမှုကို အပြည်ပြည်ဆိုင်ရာ သံခင်းတမန်ခင်းနည်းလမ်းအဖြစ်အသုံးပြုရန် ဆုံးဖြတ်ထားသည်ဟု Cornell University မှ စီးပွားရေး နှင့် ကုန်သွယ်ရေးမူဝါဒ ပါမောက္ခ Mr. Eswar Prasad က ဆိုကြောင်း၊ တရုတ်သွင်းကုန်များအပေါ် လက်ရှိအကောက်ခွန်နှုန်းထက် (၁၀) ရာခိုင်နှုန်း ထပ်တိုးကောက်ခံခြင်းသည် “ကနဦးတိုက်ခိုက်မှု တစ်ခု (An opening salvo)” ဖြစ်သည်ဟု စာရင်းစစ်ဝန်ဆောင်မှုကုမ္ပဏီ RSM ၏ စီးပွားရေးပညာရှင် Mr. Joe Brusuelas က ဆိုကြောင်း သိရှိရပါသည်။

ဒေါ်နယ်ထရမ့်၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက်တွင် ၎င်းတို့နေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်မှုများတွင် အမေရိကန်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်လိုကြောင်းနှင့် နှစ်နိုင်ငံအကြား မကြာသေးမီက ပူးပေါင်းဆောင်ရွက်ချက်များကိုလည်း ချီးကျူးကြောင်း ဖော်ပြထားပါသည်။

ဒေါ်နယ်ထရမ့်၏ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့အပေါ် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံရန် ခြိမ်းခြောက်မှုသည် ၂၀၂၀ ပြည့်နှစ်တွင် အာဏာအသက်ဝင်ခဲ့သည့် အမေရိကန်-မက္ကဆီကို-ကနေဒါ ကုန်သွယ်ရေးသဘောတူစာချုပ် (U.S. – Mexico – Canada Agreement, USMCA)အား ပြန်လည် ညှိနှိုင်းဆွေးနွေးလိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ USMCA ကို ၂၀၂၆ ခုနှစ်တွင် ပြန်လည်သုံးသပ်မှု ပြုလုပ်ရန်စီစဉ်ထားရာ ယင်းသို့ဆွေးနွေးရာတွင် ရွှေ့ပြောင်းသွားလာမှု၊ လုံခြုံရေးနှင့် မူးယစ်ဆေးဝါး စသည့်ကဏ္ဍများကိုပါ ကုန်သွယ်ရေးတွင် ထည့်သွင်းဆွေးနွေးလိုခြင်း ဖြစ်နိုင်ကြောင်း၊ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများအကြား စီးပွားရေးအရ ခိုင်မာစွာချိတ်ဆက်လျက်ရှိရာ အကောက်ခွန် နှုန်းတိုးမြှင့်ခြင်းကြောင့် ကုန်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက ထိခိုက်မှုများပြားနိုင်မည်ဖြစ် ကြောင်း၊ အမေရိကန်သတ္တုဈေးကွက်အတွက်အဓိကလိုအပ်သည့် သံနှင့် သံမဏိတို့ကို ကနေဒါနှင့် မက္ကဆီကိုစက်ရုံများမှ ဖြန့်ဖြူးလျက်ရှိရာ အကောက်ခွန်နှုန်းတိုးမြှင့်ပါက အမေရိကန်နိုင်ငံ၏ သံနှင့် သံမဏိဈေးနှုန်းသည် မြင့်တက်လာမည်ဖြစ်ကြောင်း၊ အမေရိကန်မော်တော်ယာဉ်ကုမ္ပဏီများ ဖြစ်သည့် General Motors နှင့် Ford ကုမ္ပဏီတို့သည် USMCA ကုန်သွယ်မှုသဘောတူစာချုပ်အရ စက်ရုံများတည်ထောင်၍ လုပ်ကိုင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အမေရိကန်နိုင်ငံ၏ မော်တော်ယာဉ် ရောင်းအား (၁၆)ရာခိုင်နှုန်း၊ မော်တော်ယာဉ်စီးရေ (၂.၅)သန်းခန့်ကို မက္ကဆီကိုနိုင်ငံ၌ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး (၇)ရာခိုင်နှုန်းကို ကနေဒါနိုင်ငံ၌ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အကယ်၍ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံမှ သွင်းကုန်များကို အကောက်ခွန်နှုန်းတိုးမြှင့်ရန် ခြိမ်းခြောက်ပါက မက္ကဆီကိုနိုင်ငံကလည်း ယင်းကိုတုံ့ပြန်အနေဖြင့် အမေရိကန်နိုင်ငံ၏ ပြောင်း၊ နို့ နှင့် ဝက်သားပို့ကုန်များနှင့် အခြားကဏ္ဍများကိုပါ အကောက်ခွန်နှုန်းသတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း သိရှိရပါသည်။ မက္ကဆီကိုနိုင်ငံ နယ်စပ်မှ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်သူများဝင်ရောက်လာမှုကို ရပ်တန့်အောင်ဆောင်ရွက်ခြင်းမပြုလုပ်လျှင် အကောက်ခွန်နှုန်း (၂၅) ရာခိုင်နှုန်း ကောက်ခံမည်ဟု ဒေါ်နယ်ထရမ့်က ၎င်း၏ပထမအကြိမ်သမ္မတသက်တမ်းတွင် ခြိမ်းခြောက်ခဲ့ရာ ယင်းကာလတွင် မက္ကဆီကိုသမ္မတဖြစ်သည့် Mr. Andrés Manuel López Obrador က အမေရိကန်နှင့်မက္ကဆီကို နယ်စပ်တွင် အစောင့်တပ်ဖွဲ့များကို ချထားခဲ့ရကြောင်း၊ ထို့နောက်မှသာ အကောက်ခွန်နှုန်းတိုးမြှင့် ကောက်ခံမည့်ခြိမ်းခြောက်မှုကို ဖျက်သိမ်းပေးခဲ့ကြောင်း၊ အကယ်၍ မက္ကဆီကိုနိုင်ငံကသာ ရွှေ့ပြောင်း သွားလာမှုနှင့် Fentanyl မူးယစ်ဆေးဝါးတို့ကို ကန့်သတ်နိုင်ပါက တရုတ်နိုင်ငံအနေဖြင့် မက္ကဆီကို နိုင်ငံမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ယင်းပစ္စည်းများတင်ပို့မှုကို လျော့ချနိုင်သကဲ့သို့ အကောက်ခွန် နှုန်းတိုးမြှင့်ကောက်ခံမှုကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်ဟု ဝေဖန်သုံးသပ်မှုများလည်းရှိကြောင်း သိရှိရပါသည်။

ကနေဒါနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသို့ Opioids များ၎င်း၏ နယ်စပ်မှဝင်ရောက်နေမှုကို ထိန်းချုပ်ရန်အတွက် ဥပဒေစိုးမိုးရေးထိန်းသိမ်းသည့်အဖွဲ့အစည်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးမြှင့်ရေးဆောင်ရွက်လျက်ရှိသည်ဟု ကနေဒါဒုတိယဝန်ကြီးချုပ် Ms. Chrystia Freeland နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး Mr. Dominic LeBlanc တို့က ပြောကြားခဲ့ကြောင်း၊ ကနေဒါနိုင်ငံသည် အမေရိကန်နိုင်ငံမှသွင်းကုန်တန်ဖိုးမှာ တရုတ်၊ ဂျပန်နှင့် ဗြိတိန်နိုင်ငံတို့မှ စုစုပေါင်းသွင်းကုန်တန်ဖိုး ထက် ပို၍များပြားကြောင်း သိရှိရပါသည်။

 

 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

 

 

 

 

 

Category: USA