တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်ကဏ္ဍအတွက် အရှိန်အဟုန်သစ်များကို ဖန်တီးရန်၊ ကုန်သွယ်မှုကို မြှင့်တင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရေးအတွက် ပွင့်လင်း မြင်သာမှုကို မြှင့်တင်ရန် ရည်ရွယ်ပြီး ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လမ်းညွှန်ချက်အသစ်များကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၉ ခုနှစ်တွင် ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုသောဝန်ဆောင်မှုကုန်သွယ်ရေးပမာဏ အား တဖြည်းဖြည်း ကြီးထွားလာရန် မျှော်လင့်ထားကြောင်း၊ ပိုမိုကောင်းမွန်သော အခြေခံ အဆောက်အဦများ၊ အဖွဲ့အစည်းဆိုင်ရာ မူဘောင်များနှင့် ဒစ်ဂျစ်တယ်ကဏ္ဍတွင် သိသိသာသာ ပွင့်လင်းမြင်သာမှုများကြောင့် ဒီဂျစ်တယ်ဝန်ဆောင်မှုသည် ၂၀၂၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စုစု ပေါင်းဝန်ဆောင်မှုကုန်သွယ်ရေး၏ (၄၅)ရာခိုင်နှုန်းထက် ကျော်လွန်စေရန် သတ်မှတ်ထား ကြောင်း၊ တရုတ်နိုင်ငံတော်ကောင်စီနှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ (CPC)မှ ထုတ်ပြန် သော လမ်းညွှန်ချက်များအရ ၂၀၃၅ ခုနှစ်တွင် အဆိုပါပမာဏသည် (၅၀) ရာခိုင်နှုန်း ကျော်လွန် မည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။
လမ်းညွှန်ချက်များသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်မှုကို ပံ့ပိုးပေးခြင်း၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှု ကို မြှင့်တင်ပေးခြင်း၊ စီမံခန့်ခွဲမှုစနစ်ကို မြှင့်တင်ခြင်းနှင့် အဖွဲ့အစည်းများကို ပံ့ပိုးကူညီပေးခြင်း ဟူသည့် အဓိကကဏ္ဍ(၄)ခုကို အလေးပေးထားကြောင်း သိရှိရပါသည်။
အဆိုပါလမ်းညွှန်ချက်များသည် ဒစ်ဂျစ်တယ်စနစ်ဖြင့် ကုန်စည်ကုန်သွယ်မှုကို ဖွံ့ဖြိုးတိုး တက်စေခြင်း၊ ဒစ်ဂျစ်တယ်ပလီကေးရှင်းများတွင် ဆန်းသစ်တီထွင်မှုကို အားကောင်းလာစေခြင်း နှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ကုန်ထုတ်လုပ်မှုအရည်အသွေးကို မြှင့်တင်ခြင်းတို့ကို အလေးပေးထား ကြောင်း၊ ထို့အပြင် နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ်ပို့ဆောင်ရေးလမ်းကြောင်းများကို တိုးချဲ့ရန် နှင့် နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်လည်း အာရုံစိုက်ထားကြောင်း သိရှိရပါသည်။
လမ်းညွှန်ချက်များသည် e-commerce ပလပ်ဖောင်းများ၊ အော်ပရေတာများ၊ ဝန်ဆောင်မှု ပေးသူများနှင့် အခြားသော ပါဝင်ပတ်သက်သူများ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ခိုင်မာ စေရန် တွန်းအားပေးမည်ဖြစ်သည့်အပြင် နယ်စပ်ဖြတ်ကျော် e-commerce ရှေ့ပြေးဇုန်များ ဆောက်လုပ်မည်ဖြစ်ပြီး "cross-border e-commerce plus industrial hubs" ဖြစ်လာစေ ရေးပံ့ပိုးမှုပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် လမ်းညွှန်ချက်များသည် ပြည်တွင်းနှင့် ပြည်ပ ကုန်သွယ်မှုနှစ်ခုစလုံး၏ ဒစ်ဂျစ်တယ်ကုန်သွယ်မှုကို ပေါင်းစည်းရန်အတွက်လည်း တွန်းအားပေး မည်ဖြစ်ကြောင်း သိရှိရပါသည်။
လမ်းညွှန်ချက်များ၌ ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတွက် စျေးကွက်ဝင်ရောက်မှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားရန်နှင့် လုပ်ငန်းလည်ပတ်မှု လွယ်ကူစေရန် မြှင့်တင်ဆောင်ရွက်သွားရန်လည်း ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော် သတင်းအချက်အလက်စီးဆင်းမှုကို မြှင့်တင်ရန်နှင့် ထိန်းညှိရန်၊ သတင်းအချက်အလက်ပေးပို့ရာတွင် လုံခြုံရေးပိုင်းစီမံခန့်ခွဲမှုကို မြှင့်တင်ရန် နှင့် သတင်းအချက်အလက်လုံခြုံရေးကို အကဲဖြတ်ရန်အတွက် လုပ်ငန်းစဉ်တစ်ခု ထူထောင်ရန် လိုအပ်ကြောင်းကို အလေးပေးဖော်ပြထားကြောင်း၊ လမ်းညွှန်ချက်များသည် အရေးကြီးသော အချက်အလက်များနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို အကာအကွယ်ပေးရန်အတွက် နယ်စပ်ဖြတ်ကျော်ဒေတာစီးဆင်းမှုအတွက် ထိရောက်၍ လုံခြုံပြီး အဆင်ပြေသော ယန္တရား တစ်ခုကို ဖန်တီးရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
နိုင်ငံတကာဒစ်ဂျစ်တယ်ကုန်သွယ်မှုစည်းမျဉ်းများကို ပုံဖော်ရာတွင် တရုတ်နိုင်ငံသည် တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဟု လမ်းညွှန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။
Source: en.people.cn/n3/2024/1129/c90000-20248301.html
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)