India (Delhi)

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးက စီးပွားရေးလုပ်ငန်းရှင်များအား ယှဉ်ပြိုင်နိုင်စွမ်းရှိရေး အလေးထား‌ဆောင်ရွက်ရန်တောင်းဆို

Last Updated:

ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Piyush Goyal က မွန်ဘိုင်းမြို့ရှိ IMC ကုန်သည်ကြီးများအသင်းမှ စီစဉ်ကျင်းပသည့် အခမ်းအနား တစ်ခုတွင် စီးပွားရေးလုပ်ငန်းရှင်များအား မြင့်မားသော သွင်းကုန်ခွန်များနှင့် အခြားအလားတူ အကာ အကွယ်ပေးရေးအစီအမံများစသည့် အစိုးရ၏ထောက်ပံ့မှုအစီအမံများကို မှီခိုရမည့်အစား ယှဉ်ပြိုင်နိုင်စွမ်းရှိရေးအပေါ် ရဲရဲဝံ့ဝံ့ အာရုံစိုက်ကြရန်  တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ယှဉ်ပြိုင်နိုင်စွမ်းသည် စက်မှုလုပ်ငန်း၏ ဆန်းသစ်တီထွင်နိုင်မှု၊ ထုတ်လုပ်မှုအလေ့အကျင့် များကို အဆင့်မြှင့်တင်မှု၊ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များမှ ရရှိနိုင်မည်ဖြစ်ကြောင်း၊  ယှဉ်ပြိုင် မှုမရှိပါက  အိန္ဒိယလူမျိုး ၁.၄ ဘီလီယံကျော်အတွက် မျှော်မှန်းချက်များ အောင်မြင်နိုင်မှု ရရှိမည် မဟုတ်သကဲ့သို့  ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရန်လည်းမလွယ်ကူကြောင်း၊  နိုင်ငံအနေ ဖြင့် ကုန်သွယ်မှုအားဖြင့် ကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ဆောင်ရွက်နိုင်ခြင်းမရှိပါက  ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်လာမည်မဟုတ်ကြောင်း Goyal က ပြောကြားခဲ့သည်။

သို့သော် နိုင်ငံသည် ရေနံ၊ ကာကွယ်ရေးနှင့် အစားအစာကဲ့သို့သော သွင်းကုန်များအပေါ် အမှန်တကယ် မှီခိုနေရသည့် ကဏ္ဍများတွင် ခြွင်းချက်အနည်းငယ်ရှိမည်ကို ၎င်းက ဝန်ခံပြော ကြားခဲ့သည်။

အမေရိကန်သမ္မတ Donald Trump ၏ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲများအတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အကြိတ်အနယ် ဆွေးနွေးမှုများစတင်ခဲ့ပြီးနောက် အိန္ဒိယသည် ပြီးခဲ့ သော ရက်အနည်းငယ်အတွင်း အိန္ဒိယ-ဗြိတိန် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် အတွက် စေ့စပ်ညှိနှိုင်းမှုများကို ပြန်လည်စတင်ခဲ့သည်ကို လည်း တွေ့ရှိရသည်။

Goyal က အရည်အသွေးသည် အိန္ဒိယအတွက် အချိန်ကြာမြင့်စွာစိန်ခေါ်မှုဖြစ်ခဲ့ရာ၊ ဆေးဝါးကဏ္ဍကဲ့သို့သော နယ်ပယ်များတွင် လိုအပ်သည့် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု လက် မှတ်များရှိထားသော ပိုမိုကြီးမားသည့်ကုမ္ပဏီများသည် အသေးစားလုပ်ငန်းများအား လမ်းညွှန် ပံ့ပိုးပေးပြီး အရည်အသွေးမြှင့်တင်နိုင်စေရန် အများကောင်းကျိုးအတွက် လုပ်ဆောင်သင့် ကြောင်းနှင့်  အရည်အသွေးစံနှုန်းများကဲ့သို့သော ကိစ္စရပ်များကို အခက်အခဲမရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန် စက်မှုလုပ်ငန်းရှင်များအား တောင်းဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောနှစ်အနည်းငယ်အတွင်းက Make in India ကဲ့သို့သော အစီအမံအချို့သည် နိုင်ငံ ၏ အတွေးအမြင်များကို စုပေါင်းတည်ဆောက်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ကုန်သွယ်ရေးတွင် ကြီးမား သောအခန်းကဏ္ဍမှ ပါဝင်ရန် အဆင်သင့်ဖြစ်နေပြီဟု ၎င်းက ပြောကြားခဲ့သည်။

သို့ဖြစ်ပါ၍ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးက စီးပွားရေးလုပ်ငန်းရှင်များ အား အရည်အသွေးမြင့်ထုတ်ကုန်များထုတ်လုပ်ရာတွင် အသေးစားလုပ်ငန်းရှင်များကိုပါ လက်တွဲ ခေါ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ အထောက်အပံ့များထက် တီထွင်ဆန်းသစ်မှု၊ ထုတ်လုပ်မှုအလေ့အထနှင့် ကျွမ်းကျင်မှုစွမ်းဆောင်ရည်များဖြင့် မိမိထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ဆောင်ရွက် ရန် တိုက်တွန်းပြောကြားသွားမှုအခြေအနေများအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Source: Piyush Goyal asked industrial players to be bold, focus on turning competitive, The Economic Times, 27 February 2025.

 အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့။

Category: India (Delhi)