Thailand

ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်သည် ပထမ (၃) လပတ်တွင် ၃၃ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ထိုင်းဆန်ပို့ ကုန် လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားခဲ့

Last Updated:

၂၀၂၅ ခုနှစ် ပထမ (၃) လပတ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်သည် ၃၃ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ယခုနှစ်အတွင်း ဆန်ပို့ကုန်များသည် တန်ချိန် ၇.၅ သန်းခန့်မှန်းထားသဖြင့် ယခင်နှစ် တန်ချိန် ၉.၉၄ သန်းနှင့်နှိုင်းယှဉ်ပါက ၂၄.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ယင်းသို့ ကျဆင်းရခြင်းမှာ အိန္ဒိယ၏ ဆန်ဖြူပြန်လည်တင်ပို့ခဲ့ခြင်းနှင့် ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၀ သန်း မြင့်တက်လာခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသည် ဆယ်စုနှစ် ၃ ခုအတွင်း အမြင့်ဆုံး ဆန်ထုတ်လုပ်ခဲ့မှုကို မှတ်တမ်းတင်ခဲ့ပါကြောင်း၊ ဘတ်ငွေခိုင်မာနေခြင်းသည်လည်း သိသာသော အချက်ဖြစ်ကြောင်း၊ ငွေလဲနှုန်းအတက်အကျဖြစ်ခြင်းသည်လည်း ပို့ကုန်ဈေးနှုန်းကို ကြီးကြီးမားမား သက်ရောက်နိုင်ပြီး ပို့ကုန်လုပ်ငန်းရှင်များအတွက် ဆုံးရှုံးမှုများဖြစ်စေပါကြောင်း၊ ထိုင်းဆန်ဈေးနှုန်းကို အပြောင်းအလဲဖြစ်စေသော ငွေလဲနှုန်းမြန်မြန်ဆန်ဆန်ပြောင်းလဲမှုကို ရှောင်ရှားရန် အစိုးရအနေဖြင့် တည်ငြိမ်စေရေး ဆောင်ရွက်သင့်ကြောင်း အသင်း ဥက္ကဋ္ဌ Mr. Charoen Laothammatas က ပြောကြားခဲ့သည်။

အမေရိကန်က ထိုင်းသွင်းကုန်များအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံပါက ထိုင်းဆန် ဈေးနှုန်းကို ၁ တန်လျှင် အမေရိကန်ဒေါ်လာ  ၁၀၀ မြင့်တက်စေနိုင်ပြီး ယှဉ်ပြိုင်နိုင်မှုကို ထိခိုက်နိုင်ပါ ကြောင်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများနှင့် လောင်စာတို့ကို ဦးစားပေး၍ တောင်သူများအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချစေရန်မှာ အစိုးရ၏ အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ထိုင်းဆန် ထုတ်လုပ် မှုသည် ၁ ရိုင်လျှင် ၄၀၀ ကီလိုဂရမ်၊ ဗီယက်နမ်သည် ၁ ရိုင်လျှင် ၈၀ ကီလိုဂရမ်နှင့် အမေရိကန်သည် ၁ ရိုင်လျှင် ၁,၀၀၀ ကီလိုဂရမ်ထွက်ရှိသဖြင့် အနည်းဆုံး ဖြစ်ပါကြောင်း၊ လာမည့် ၂ နှစ်၊ ၃ နှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်ပမာဏသည် ကျဆင်းလာနိုင်ကြောင်း သုံးသပ်အကြံပြုထားသည်။

၂၀၂၅ ခုနှစ် ပထမ ၂ လအတွင်း ဆန်တင်ပို့မှုသည် တန်ချိန် ၁.၁ သန်းရှိခဲ့ရာ ၃၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဆန်ဖြူတင်ပို့မှုသည် သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ ပထမ (၃) လပတ်အတွင်း ဆန်တင်ပို့မှုသည် တန်ချိန် ၂ သန်းမကျော်လွန်နိုင်သဖြင့် ၃၃ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုနှစ်အတွင်းသည် အိန္ဒိယသည် အဆင့် ၁ ဆန်တင်ပို့သူဖြစ်နေမည်ဖြစ်ပြီး ဆန်တန်ချိန် ၂၂.၅ သန်း တင်ပို့မည်ဟု ခန့်မှန်းထားပါကြောင်း၊ ထိုင်းဆန်တင်ပို့နိုင်မှုသည် တန်ချိန် ၇.၅ သန်း၊ ဗီယက်နမ် သည် တန်ချိန် ၇.၅ သန်းနှင့် ပါကစ္စတန်သည် တန်ချိန် ၅.၃ သန်း ဖြင့် အသီးသီး ကျဆင်းနိုင်ဖွယ်ရှိ ကြောင်း၊ အဓိက တင်သွင်းသည့် နိုင်ငံများမှာ ဖိလစ်ပိုင်သည် တန်ချိန် ၅.၄ သန်း (၁.၉ ရာခိုင်နှုန်း မြင့်တက်)၊ ဗီယက်နမ်သည် တန်ချိန် ၃.၄ သန်း (၁၀.၅ ရာခိုင်နှုန်း ကျဆင်း)၊ နိုင်ဂျီးရီးယားသည် တန်ချိန် ၂.၄ သန်းနှင့် တရုတ်သည် တန်ချိန် ၂.၂ သန်း (၃၅ ရာခိုင်နှုန်းမြင့်တက်) အသီးသီးဖြစ်ကြောင်း၊ ကမ္ဘာ့ဆန်လက်ကျန်သည် တန်ချိန် ၁၀ သန်း တိုးတက်မှုရှိနိုင်ပြီး တန်ချိန် ၅၃၂ သန်းထိ ရောက်ရှိနိုင် ကြောင်း၊ ၅ ရာခိုင်နှုန်းဆန်ဖြူ ဈေးနှုန်းများမှာ ထိုင်းဆန်ဖြူ ၁ တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၅ - ၄၁၉၊ ဗီယက်နမ်ဆန်ဖြူ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၃-၃၉၇၊ အိန္ဒိယဆန်ဖြူ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၆-၄၁၀ နှင့် ပါကစ္စတန် ဆန်ဖြူ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၂-၃၈၆ ဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand